တရုတ်မှာ live-streaming နာမည်ကျော်တစ်ယောက်ဖြစ်လာဖို့ ဘာတွေပေးဆပ်ရမလဲ။

7661438-3x2-940x627.jpg

ဒီနေ့ကမ္ဘာဟာ ဆိုရှယ်မီဒီယာကမ္ဘာကြီးလို့ပဲပြောရမှာပါ။ နေ့တိုင်းနေ့တိုင်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းအသစ်တွေ ထွက်ပေါ်နေပြီး ဆိုရှယ်မီဒီယာတွေကလည်း တစ်မျိုးနဲ့တစ်မျိုး User တွေကို မက်လုံးပေးဆွဲဆောင်ထားကြတာကို မြင်တွေ့ရမှာပါ။

ဆိုရှယ်မီဒီယာတွေက သုံးစွဲသူတွေကို ဘယ်လိုဆွဲဆောင်ထားလဲဆိုတာ ကျွန်တော် တရုတ်နိုင်ငံက အဖြစ်အပျက်လေးတစ်ခုနဲ့ ပြောပြချင်ပါတယ်။

တရုတ်နိုင်ငံမှ ဖန်ဖန် ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၂၆ နှစ်ရှိနေပါပြီ။ သူမလုပ်ရတဲ့ အလုပ်ကလည်း ပင်ပန်းပါတယ်။ ဖန်ရဲ့အလုပ်ချိန်ကိုပြောရမယ်ဆိုရင် တစ်ရက်ကို ၁၀ နာရီလောက်ရှိပြီး တစ်ချို့ရက်တွေဆို ဒီထက်ပိုလုပ်ရပါတယ်။ ပိတ်ရက်တွေကတော့ ဖန်အတွက် အလုပ်အများဆုံးနေ့တွေပဲပေါ့။ ဒီ ၂၀၁၇ နှစ်ထဲမှာဆိုရင် ဖန်တစ်ယောက် အလုပ်နားခဲ့ရတဲ့ နေ့တွေက လနှစ်သစ်ကူးနေ့ ပိတ်ရက် ၃ ရက်နဲ့ သူ ပလတ်စတစ်ဆာဂျရီလုပ်တုန်းက ၂ ပတ်သာ အနားရခဲ့တာပါ။

ဒါ့ဆို ဖန်ရဲ့ အလုပ်က ဘာဖြစ်မလဲ။ သူမရဲ့ အလုပ်ဟာ ရင်းနှီးမြုပ်နှံမှုဘဏ် လုပ်ငန်းတစ်ခုမှာ မဟုတ်သလို့ တည်ထောင်စနည်းပညာကုမ္ပဏီတစ်ခုမှာ လည်းမဟုတ်ပါဘူး။ ဖန်ဟာ အင်တာနက်ပေါ်မှာ ဗီဒီယိုတွေ တိုက်ရိုက်တင်ဆက်ပေးရတဲ့ ဆိုရှယ်မီဒီယာပေါ်က ဆယ်လီတစ်ဦးပါ။ သူမရဲ့ ဝင်ငွေတွေကဘာလဲဆိုတော့ သူမ ကပြတာတွေ၊ သီချင်းဆိုပြတာတွေ၊ အစားစားပြတာတွေကို စောင့်ကြည့်နေတဲ့သူမရဲ့ ပရိတ်သတ်တွေကပေးတဲ့ အွန်လိုင်း လက်ဆောင်တွေပါပဲ။ ဒီစီးပွားရေးလုပ်ဖို့အတွက် အရင်းနှီးတော့ မသေးပါဘူး။ ဖန်ဟာ ပလတ်စတစ်ဆာဂျရီတွေ အကြိမ်ကြိမ်လုပ်ထားရသလို သူ့ရဲ့ အသက်ကိုလည်း ၂၃ နှစ်လို့ပြောပြီး လိမ်ထားရပါသေးတယ်။

“အသက်၊ မျက်နှာလှလှလေးတစ်ခုနဲ့ ခန္ဓာကိုယ်ပုံစံ ဆိုတဲ့ ၃ ခုက အမျိုးသမီး တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦး အောင်မြင်ဖို့အတွက် အဓိကလိုအပ်တဲ့ အရာတွေပါပဲ။ ဘယ်လောက်လောက်ပဲကြိုးစားကြိုးစား ဒီကနေ ဝင်ငွေရဖို့ဆို အနည်းဆုံး ၅ နှစ်လောက်တော့ ရင်းနှီးမြုပ်နှံထားရပါတယ်။ ”လို့ ဖန်ကဆိုပါတယ်။

တရုတ် ဗီဒီယိုတိုက်ရိုက် ထုတ်လွှင့်ရေးဈေးကွက်လောကကလည်း ရှုပ်ထွေးလွန်းပါတယ်။ နောက်ဆုံးအကြိမ်ကဆိုရင် အင်တာနက်ပေါ်မှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်တဲ့ လူငယ်တစ်ဦး ပရိတ်သတ်တွေ စိတ်ဝင်စားစေဖို့အတွက် မိုးမျှော်တိုက်ပေါ်တက်ပြီး ဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်ခဲ့ရာမှာ မတော်တဆ ပြုတ်ကျသေဆုံးခဲ့တဲ့အတွက် တရုတ်အစိုးရက ဒီလိုအဖြစ်မျိုးတွေ တားဆီးနိုင်ဖို့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်တဲ့ လောကမှာ လူတွေက သူတို့ကို ကြည့်နေတဲ့ ပရိတ်သတ်တွေများလေ၊ ပရိတ်သတ်တွေ ပေးတဲ့ လက်ဆောင်များလာလေဖြစ်ပြီး၊ ဒီလက်ဆောင်တွေနဲ့ ကြော်ညာခတွေကနေ အဓိက ဝင်ငွေရကြတာပါ။ ဒါ့ကြောင့် တစ်ချို့ တိုက်ရိုက်ထုတ်လွှင့်သူတွေဆိုရင် ကြည့်သူတွေ စိတ်ဝင်စားစေဖို့အတွက် အသက်အန္တရာယ်ရှိတဲ့ စတန့်တွေကို လုပ်ပြီး တိုက်ရိုက်တင်ဆက်လာကြတာ ဖြစ်ပါတယ်။

နောက်ဆုံးမိုးမျှော်တိုက်က ပြုတ်ကျလို့ သေဆုံးသွားတဲ့ တရုတ်လူငယ်လေးဆိုရင် ဒီစတန့် ဆယ်လ်ဖီ ဗီဒီယိုအတွက် ဒေါ်လာ ၁၅၀၀၀ လောက်ဝင်ငွေရနိုင်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ တိုက်ပေါ်မှ ပြုတ်ကျသွားခဲ့ပြီး ဒီအဖြစ်အပျက်ကြောင့် တရုတ်နိုင်ငံပိုင် မီဒီယာကတွေ တိုက်ရိုက်ထုတ်လွှင့်မှုတွေရဲ့ အန္တရာယ်ဆိုပြီး သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တစ်ချို့တိုက်ရိုက်ထုတ်လွှင့်သူတွေဆိုရင် လူစိတ်ဝင်စားစေဖို့ ဝတ်လစ်စလစ် ဖြစ်နေတာတွေပါ တိုက်ရိုက်လွှင့်ပြတတ်ပြီး တရုတ်မှာ အအောင်မြင်ဆုံး တိုက်ရိုက်လွှင့်ဆိုရှယ်မီဒီယာလို့ပြောရမယ့် Meipai ကတော့ ဒီလိုဝတ်လစ်စလစ်လွှင့်မှုမျိုးတွေကို တားမြစ်ထားရကြောင်းသိရပါတယ်။

နောက်ဆုံးတိုက်ပေါ်မှ ပြုတ်ကျသွားတဲ့ တိုက်ရိုက်ထုတ်လွှင့်သူ လူငယ်လေးရဲ့ အမည်က ဝူယုံဂျင်း (Wu Yongning) ဖြစ်ပြီး သူကတော့ တိုက်အမြင့်ပေါ်က မြင်ကွင်းများကို တိုက်ရိုက်လွှင့်ပြသူတစ်ဦးပါ။ နောက်ဆုံးအကြိမ်မှာတော့ ဝူဟာ ၆၂ ထပ် အမြင့်ရှိတိုက်ပေါ်တက်ရင်း မတော်တဆ ဖြစ်ကာသေဆုံးခဲ့တာဖြစ်ပြီး ဒီဗီဒီယိုတိုက်ရိုက်ထုတ်လွှင့်ဖို့ ယူသွားတဲ့ ဖုန်းထဲမှာတော့ သူ့ရဲ့ နောက်ဆုံးအချိန်ပုံရိပ်များကို မှတ်ထားနိုင်ခဲ့ပါတယ်။

ဖန်ကတော့ ဒီအဖြစ်နဲ့ပတ်သတ်ပြီး “ကြည့်သူတွေရဲ့ လက်မှာ သွေးစွန်းနေပြီလို့ ဆိုခဲ့ပါတယ်။ လူတွေက တစ်နေ့တခြားမျက်စိအဆာကျွေးစရာ ကိစ္စတွေပဲ ကြည့်ချင်နေကြပြီး တိုက်ရိုက်ထုတ်လွှင့်သူတွေကလည်း ကြည့်ရှုသူတွေ ဆန္ဒအတိုင်း လိုက်လုပ်ကြပါတယ်။ ဒါက သေဆုံးခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းပါ။ ” လို့ဖန်ကဆိုပါတယ်။

“ ဝူရဲ့သေဆုံးမှုဟာ တိုက်ရိုက်လွှင့်ဆိုရှယ်မီဒီယာတွေအပေါ် အကြီးအကျယ် ကြပ်မတ်သင့်တဲ့ သတိပေးချက်ပါပဲ။ တိုက်ရိုက်လွှင့်သူ တော်တော်များများက ပရိတ်သတ်တွေရဲ့ အာရုံကိုရပြီး ပိုက်ဆံရဖို့အတွက် ညစ်ညမ်းဗီဒီယိုတွေနဲ့ အန္တရာယ်များတဲ့ ကိစ္စတွေကိုတောင် လုပ်လာကြပါတယ်။ ”လို့ China Daily သတင်းစာက အင်္ဂါနေ့မှာ ရေးသားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာဆိုရင် Facebook နဲ့ Google ကို တားမြစ်ထားတဲ့ အတွက် တိုက်ရိုက်လွှင့်ဆိုရှယ်မီဒီယာတွေ ခေတ်ကောင်းကြပြီး တရုတ်နိုင်ငံမှာ တိုက်ရိုက်လွှင့်ဆိုရှယ်မီဒီယာ ၁၀၀ ကျော်ရှိတယ်လိုက သိရပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ တရုတ် တိုက်ရိုက်လွှင့်ဈေးကွက်တစ်ခုလုံးရဲ့ တန်ဖိုးဟာ ဒေါ်လာ ၅ ဘီလီယံ နီးပါးရှိပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ် တရုတ်နိုင်ငံမှာ ရုပ်ရှင်လက်မှတ်ရောင်းရငွေ ဒေါ်လာ ၅.၈ ဘီလီယံကို မှီလာတဲ့ သဘောမှာ ရှိနေပါတယ်။ တရုတ်လူငယ် တော်တော်များများကလည်း အိမ်ပြင်ထွက်ပြီး ရုပ်ရှင်သွားကြည့်တာထက် အိမ်မှာနေရင်း စမတ်ဖုန်းဖျော်ဖြေမှုတွေကို ပိုနှစ်သက်လာကြတာကို တွေ့နေရပါတယ်။ ဈေးကွက်ကြီးလာလေ ပြိုင်ဆိုင်မှုများလာလေ ဖြစ်ပြီး တရုတ်တိုက်ရိုက်လွှင့် အသိုင်းအဝိုင်းမှာဆိုရင် ပရို တိုက်ရိုက်လွှင့်သူနဲ့ အပျော်တမ်း တိုက်ရိုက်လွှင့်သူပေါင်း ၃.၅ သန်း အထိရှိနေပြီး ကြည့်ရှုသူ သန်း ၃၅၀ ရဲ့ အာရုံစိုက်ခြင်းခံရဖို့အတွက် အပြိုင်အဆိုင် ကြိုးစားနေကြတာကို တွေ့ရပါတယ်။

“ရုပ်လှလှလေးနဲ့ ကိုယ်လုံးကိုယ်ပေါက်ကောင်းကောင်းလေးရှိတာလောက်နဲ့ တိုက်ရိုက်လွှင့်လောကမှာ ဆယ်လီတစ်ယောက် မဖြစ်လာနိုင်တော့ပါဘူး။ ကျွန်မ ၂၀၁၅ ခုနှစ်မှာ တိုက်ရိုက်လွှင့်တာတွေ စလုပ်တုန်းက ပြိုင်ဘက်တွေ သိပ်မရှိသေးပါဘူး။ ခုခေတ်ကြီးမှာတော့ လူတိုင်းမှာ စမတ်ဖုန်းတွေရှိနေကြပြီး လူတိုင်းတိုက်ရိုက်လွှင့်နိုင်ကြပါတယ်။ ဒါကြောင့် ပရိတ်သတ်တစ်ယောက်ကို ထိန်းထားဖို့အတွက် ၁ မိနစ်လောက်ပဲ အချိန်ရှိမှာပါ။ နို့မို့ တစ်ခြားတစ်ယောက်ကို သွားကြည့်တတ်ပါတယ်။ ” လို့ဖန်ကဆိုပါတယ်။ ဖန်ဟာ အခုဆိုရင် ညနက်သည်အထိ တိုက်ရိုက်ဗီဒီယိုတွေ ထုတ်လွှင့်နေတတ်ပြီး လူကြည့်အများဆုံးအချိန်ဖြစ်တဲ့ ည ၈ နာရီကနေ မနက် ၁၂ နာရီအတွင်းအများဆုံး တိုက်ရိုက်လွှင့်လေ့ရှိတယ် လို့ဆိုပါတယ်။ ဒီနှစ်အစောပိုင်းမှာ ပလတ်စတစ် ဆာဂျရီ ခွဲစိတ်ပြီးနောက်ပိုင်း ဖန်ဟာ မနက် ၁၀ နာရီမှာ တစ်ကြိမ်နဲ့ ည ၈ နာရီမှာ တစ်ကြိမ် တိုက်ရိုက်လွှင့်နေတယ် လို့ဆိုပါတယ်။

ဖန်ဟာ ညဘက်ဆိုရင် ညနက်သည်အထိ အလုပ်လုပ်နေတတ်ပြီး မနက် ၉ နာရီလောက်မှ ထသူတစ်ယောက်ပါ။ တစ်နေ့မှာ တိုက်ရိုက်လွှင့်တာက ၅ နာရီကနေ ၆ နာရီလောက်ပဲကြာတာ ဖြစ်ပေမဲ့ ဆံပင်ပြင်တာတွေ၊ မိတ်ကပ်လိမ်းတာတွေနဲ့ အဝတ်အစားဝတ်ဆင်တာတွေက အချိန်ပိုကြာတာကြောင့် တစ်နေ့လုံး ဒါပဲ လုပ်နေရတယ် လို့ဆိုပါတယ်။ ဒါ့အပြင် ဖန်ဟာ နည်းနည်း အားတဲ့အချိန်တွေမှာလည်း တရုတ် Twitter  ဖြစ်တဲ့ Weibo မှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ တင်ပြီး ပရိတ်သတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင်လုပ်ရပါသေးတယ်။ ဖန်ဟာ Weibo မှာ Follower ၃ သိန်းခွဲကျော်နဲ့ တိုက်ရိုက်လွှင့် App ဖြစ်တဲ့ Huajiao မှာ Follower ၄ သောင်းကျော်ရှိသူတစ်ယောက်ပါ။

“ဒီ အသက်မွေးဝမ်းကြောင်းက ရေရှည်လုပ်လို့မရတာကြောင့် ကျွန်မလည်း ပိုက်ဆံရှာဖို့ နည်းလမ်းတွေ ရှာနေပါပြီ။ ကျွန်မ စားသောက်ဆိုင်တွေမှာ ရှယ်ယာ နည်းနည်းဝယ်ထားသေးသလို Weibo မှာ ဖက်ရှင်ဘလော့ဂါ တစ်ယောက်လုပ်မယ်လို့တော့ စိတ်ကူးပါတယ် ” လို့ ဖန်ကဆိုပါတယ်။ Weibo မှာ ဖက်ရှင်နဲ့ မိတ်ကပ်ကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ အများကြီးရှိပြီး သူတို့က မိန်းကလေးအသစ်မြင်တာနဲ့ စိတ်ဝင်စားတတ်တဲ့ ယောက်ကျားလေးတွေထက် ပိုသစ္စာရှိတယ် လို့ ဖန်က ဆိုပါတယ်။

တိုက်ရိုက်လွှင့်သူတစ်ယောက်အနေနဲ့ တရုတ် မီဒီယာတွေကပါ ဖော်ပြခံရသည် အထိ နာမည်ကြီးသွားပြီဆိုရင် တစ်နှစ်ကို ယွမ်သန်းနဲ့ ချီပြီး ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီလို ပိုက်ဆံရနေတာ လူနည်းနည်းလောက်ပဲရှိတာပါ။ မေလတုန်းက Tencent လေ့လာရေး တက္ကသိုလ်ဟာ တိုက်ရိုက်ထုတ်လွှင့်ပြီး ပိုက်ဆံရှာနေတဲ့ ဆယ်လီ ၄၅၀၀ နဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး ၅ ရာနှုန်းခန့်ကသာ တစ်လကို ယွမ် ၁၀၀၀၀ အထက် ရတယ်လို့ဆိုခဲ့ပြီး ၇၀ ရာခိုင်နှုန်းကတော့ တစ်လကို ယွမ် ၁၀၀ အောက်ပဲရကြောင်း ပြောဆိုခဲ့တယ် လို့ဆိုခဲ့ပါတယ်။

Ref : SCMP Knowledge : What it takes to be an Internet live-streaming star in China

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top