ဖခင်ကိုဂုဏ်ပြုဖို့ အာဖရိကရဲ့ အမြင့်ဆုံးတောင်ကို တက်ခဲ့တဲ့ ၇ နှစ်သမီး

Montannah-680x390.jpg

ယ်လွန်သွားတဲ့ ဖခင်ကို ဂုဏ်ပြုဖို့အတွက် ၇ နှစ်အရွယ် မိန်းကလေး တစ်ယောက်က အမြင့်ပေ ၁၉,၃၄၁ မြင့်တဲ့ အာဖရိကရဲ့ အမြင့်ဆုံး တောင်ထိပ်ကို တက်ရောက်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ပါတယ်။

ကီလီမန်ဂျာရိုတောင် (Mt. Kilimanjaro) ဟာ အရမ်းမြင့်သလို မိုးနဲ့ ဆီးနှင်းတွေ အဆက်မပြတ် ရွာသွန်းလေ့ရှိပါတယ်။ ဒါပေမဲ့ တက္ကဆက်ပြည်နယ်က ၇ နှစ်သမီး မွန်တားနားကင်နေး (Montannah Kenney) ကတော့ မိခင်ဖြစ်သူ ဟိုလီကင်နေး (Hollie Kenney) နဲ့အတူ အချိန်တစ်ပတ်အတွင်း ကီလီမန်ဂျာရိုတောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တာပါ။

၂၀၁၃ ခုနှစ်က မွန်တားနားရဲ့ (၃)နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပြီး မကြာခင် အချိန်အတွင်းမှာပဲ သူ့ဖခင် ကွယ်လွန်သွားခဲ့ပါတယ်။ ကီလီမန်ဂျာရိုတောင်ထိပ်ကို တက်ရောက်တာ ကမ္ဘာ့စံချိန်တင်ဖို့ဆိုတာထက် ဖခင်ကို အမှတ်တရ ဂုဏ်ပြုချင်တဲ့စိတ်က ပိုပြီး အဓိကကျတယ်လို့ မွန်တားနားက ပြောပါတယ်။

“အဖေနဲ့ နီးတဲ့နေရာမှာ ရှိချင်ပါတယ်။ သမီး ပိုမြင့်တဲ့နေရာကို တက်လေလေ ကောင်းကင်ဘုံက အဖေနဲ့ ပိုနီးလေလေပါပဲ” လို့ မွန်တားနားက ပြောပါတယ်။ သူ့အမေနဲ့ သူ့အဒေါ် စကားပြောနေတုန်း ကီလီမန်ဂျာရိုတောင်အကြောင်း တစ်စွန်းတစ်စကြားခဲ့တဲ့ မွန်တားနားက “သူလည်း တောင်တက်မယ်”လို့ မိခင်ကို ပူဆာခဲ့တာပါ။

တောင်တက်ဖို့အတွက် သူတို့သားအမိ ပထမဆုံးကြုံရတဲ့ အခက်အခဲကတော့ အသက် ၁၀ နှစ်ပြည့်မှ ကီလီမန်ဂျာရိုတောင် တက်ခွင့်ရမယ် ဆိုတဲ့ ကန့်သတ်ချက်ပါ။ အသက်မပြည့်ဘဲ တောင်တက်ချင်ရင် အထူး ခွင့်ပြုချက်လိုတဲ့အတွက် သူတို့သားအမိက ၂၀၁၉ ခုနှစ်မှ တောင်တက်တော့မယ်လို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး ကီလီမန်ဂျာရိုတောင်ကို တက်ရောက်ခဲ့ဖူးတယ်ဆိုတဲ့ သတင်း ကြားရပြီးနောက်မှာ မွန်တားနားနဲ့ ဟိုလီတို့ သားအမိ တောင်တက်ဖို့ စိုင်းပြင်းခဲ့ကြပါတယ်။ မွန်တားနားရဲ့ ၈ နှစ်ပြည့် မွေးနေ့ မတိုင်ခင် တောင်တက်ဖို့ စီစဉ်ပြီး တောင်တက်လမ်းပြ ငှားရမ်းခဲ့ပါတယ်။

တက္ကဆက်ပြည်နယ် အော်စတင်တစ်ဝိုက်မှာ တောင်တက်လေ့ကျင့်ဖို့ တောင်မရှိပေမယ့် သူတို့သားအမိက အချိန်ကြာကြာ တောကြမ်းခရီးနှင်ပြီး လေ့ကျင့်ခဲ့ပါတယ်။ မိခင်ဖြစ်သူ ဟိုလီက သုံးမျိုးစုံ အားကစားနည်းမှာ ပရော်ဖက်ရှင်နယ် အားကစားမယ်ဟောင်း တစ်ဦးပါ။ ဒါကြောင့် ကီလီမန်ဂျာရိုတောင် မတက်ခင် သူတို့သားအမိ နှစ်ဦးလုံး အကောင်းဆုံး ပုံစံရခဲ့ပါတယ်။

မတ်လ ၁၀ ရက်နေ့က တောင်စတက်တဲ့ သူတို့သားအမိဟာ မတ်လ ၁၆ ရက်နေ့မှာ ကီလီမန်ဂျာရိုတောင်ထိပ်ကို ရောက်ရှိခဲ့ပါတယ်။ တောင်ထိပ်ရောက်ချိန်မှာ မွန်တားနားဟာ အသက် ၂၈၆၅ ရက် ရှိနေပါပြီ။ မွန်တားနားမတိုင်ခင် ကီလိုမန်ဂျာရိုတောင်ထိပ်ကို တက်ရောက်ခဲ့ဖူးတဲ့ ကလေးငယ် နှစ်ယောက် ရှိခဲ့ဖူးပါတယ်။ နှစ်ယောက်လုံးက အသက် ၇ နှစ်အရွယ်တွေပါပဲ။ ၂၀၀၈ ခုနှစ်မှာကိ(တ်)ဘွိုက် (Keats Boyd)၊ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ကက်ရှ်ကယ်လာဟန် (Cash Callahan) တို့ကလည်း တောင်ထိပ်ရောက်အောင် တက်နိုင်ခဲ့ပါတယ်။

တောင်ထိပ်ရောက်ချိန်မှာ ကက်ရှ်ကယ်လာဟန်ထက် အသက်ရက်ပိုင်းလောက် ပိုကြီးသွားတဲ့ မွန်တားနားက ကီလီမန်ဂျာရိုတောင်ကို တက်ရောက်နိုင်တဲ့ အသက်အငယ်ဆုံး တောင်တက်သမား စံချိန်ကို မရခဲ့ပေမဲ့လည်း အသက်အငယ်ဆုံး မိန်းကလေးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

Ref: USA Today & CBS News

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top