အာကာသထဲကဟိုတယ်မှာအနားယူရင်း အံ့ဩစရာတွေလေ့လာနိုင်မယ့်ခရီးစဉ်

orion-space-hotel-4.jpeg

အံ့ဩစရာ၊ စိတ်ဝင်စားစရာတွေပြည့်နေတဲ့နေရာတစ်ခုကိုခရီးထွက်ဖို့ စဉ်းစားနေတာလား? ဒီလိုဆိုရင်တော့ ပုံမှန်သွားနေကျ ကမ်းခြေတွေ ပန်းခြံတွေကို ခေါင်းထဲက ထုတ်လိုက်ပြီး အာကာသထဲက အမိုက်စားဟိုတယ်တစ်ခုမှာ တည်းခိုဖို့ စိတ်ကူးကြည့်လိုက်ပါ…

ဒီလို ဆန်းကြယ်တဲ့ ကမ္ဘာဂြိုဟ်ပတ်လမ်းထဲက Orion Span အဆင့်မြင့် ဇိမ်ခံဟိုတယ်ကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ မကြာခင်ရက်ပိုင်းကပဲ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ သင့်အနေနဲ့ သီးသန့်သွားရောက်အနားယူနိုင်မှာဖြစ်ပြီး အခန်းတစ်ခန်းကို တစ်ရက်အတွက် ဒေါ်လာ ၈၀၀၀၀ လောက်ကျသင့်မှာဖြစ်ပါတယ်။ ၁၂ ရက်စာ တည်းခိုခကျသင့်ငွေကို တစ်ခါတည်း ပေးချေရမှာဖြစ်ကာ လူတစ်ဦးအတွက် စုစုပေါင်း ဒေါ်လာ ၉.၅ သန်းလောက် ကုန်ကျမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။

လှပတဲ့ ဝင်ရိုးစွန်းအလင်းတန်းတွေကို မြင်နေရမယ့် ဂြိုလ်ပတ်လမ်းပေါ်က ဒီဟိုတယ်ဟာ သိပ္ပံနဲ့ စကြာဝဋ္ဌာအကြောင်းတွေကို စိတ်ဝင်စားတဲ့ အာကာသခရီးသွားလိုသူတွေကို အာကာသယာဉ်မှုးတစ်ယောက်လို အတွေ့အကြုံမျိုးတွေ ရရှိစေမှာ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေကနေ အာကာသထဲမှာ သိပ္ပံစမ်းသပ်ချက်တွေ ဘယ်လိုလုပ်ကြရသလဲ အာကာသယာဉ်မှုးတွေ ဘယ်လိုကြိုးစားလေ့လာရသလဲ ဆိုတာတွေကိုလည်း နားလည်လာစေမှာပါ။

Orion Span ရဲ့ CEO ဖြစ်သူ Frank Bunger ကတော့ ဒီခရီးစဉ်အပြီးမှာ သင့်အနေနဲ့ အောင်မြင်တဲ့ လူစွမ်းကောင်း တစ်ယောက်လိုမျိုး ကမ္ဘာမြေပေါ်ကို ခေါင်းမော့ရင်ကော့ ပြန်လာနိုင်မယ်လို့တောင် ခရီးစဉ်က ရရှိလာမယ့် အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ချီးမွမ်းခန်းဖွင့်ခဲ့ပါတယ်။

အမှောင်ဟင်းလင်းပြင်ကိုဆန့်ကျင်ပြီး ဖြာထွက်လာတဲ့ဝင်ရိုးစွန်းအလင်းတန်းတွေနဲ့ ကမ္ဘာကြီးကို မိုင် ၂၀၀ အကွာအဝေးကနေ ဖြတ်သန်းကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် နေဝင်ချိန် နေထွက်ချိန်တွေကိုပါ လေ့လာနိုင်ပြီး နေ့စဉ်နဲ့အမျှ အံ့ဩစရာအတွေ့အကြုံတွေ ဒါဇင်နဲ့ချီပြီးကို ရမယ်လို့လည်း ဆိုပါတယ်။

ခရီးစဉ်တစ်ခေါက်မှာ အာကာသယာဉ်မှုးနှစ်ဦးနဲ့အတူ နောက်ထပ် ခရီးသည်လေးဦးအထိ လိုက်ပါနိုင်မှာပဲဖြစ်ပါတယ်။ ဟိုတယ်ကို ၂၀၁၉ ကနေစပြီး တည်ဆောက်သွားမှာဖြစ်ကာ ၂၀၂၁ လောက်မှာပြီးစီးအောင်ဆောက်လုပ်မယ်လို့ ကုမ္မဏီဘက်ကဆိုထားပြီး အာကာသကို လူသားတွေ လေ့လာဖို့လောက်သာ လတ်တလောဦးတည်ဆောင်ရွက်ထားပေမယ့် နောင်တစ်ချိန် အာကာသမှာ နေထိုင်နိုင်ဖို့အထိ ရည်ရွယ်ထားတယ်လို့လဲ ဆိုပါတယ်။

ဒါပေမဲ့ ဒါက ပထမဆုံးအကြိမ်ကြိုးစားမှုတော့ မဟုတ်ပါဘူး။ ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အတွင်း အာကာသယာဉ်မှုး ၇ ယောက်အဖွဲ့ဟာ ရုရှားလုပ် ဒုံးပျံကိုစီးနင်းပြီး အာကာသမှာ နေထိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီထဲက တစ်ယောက်ကတော့ Video Game Developer တစ်ယောက်ဖြစ်သလို စွန့်ဦးတီထွင်လုပ်ကိုင်သူ တစ်ယောက်ဖြစ်တဲ့ Richard Garriott ပဲဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ သူဟာ အာကာသမှာ ၂ ပတ်ကြာနေထိုင်ဖို့ ဒေါ်လာသန်း ၃၀ အကုန်အကျခံခဲ့ကာ ကမ္ဘာ့ဂြိုလ်ပတ်လမ်းပေါ်မှာ နေထိုင်နိုင်ဖို့ အရေးပါတဲ့ စွန့်စားမှုကို ပြုလုပ်ခဲ့ပါတယ်။ သူကတော့ ” ဂြိုလ်ပတ်လမ်းပေါ်ကနေ ကမ္ဘာကြီးကို မြင်ရတာဟာ အူလှိုက်သည်းလှိုက် ဖြစ်စေတဲ့အပြင် ဝေးကွာတယ်၊ သီခြားဖြစ်နေတယ်လို့ ထင်ရတဲ့ ခံစားမှုတွေကို ပျောက်သွားစေပြီး ကျွန်တော်တို့ရဲ့ အနာဂတ်ကို အကောင်းဆုံးဖြစ်ဖို့ စိတ်ကူးယဉ်နိုင်တယ်” လို့ ပြောပြခဲ့ပါတယ်။

Ref : NBC News
Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top