အနုသုခုမ အညွှန်းကဏ္ဍ

December-Entertainment-1200-600-e1551430645436.jpg

မင်္ဂလာပါ။ ရိုးရာလေးရဲ့ အနုသုခုမ အညွှန်းကဏ္ဍကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာတော့ အချစ်အကြောင်းလေးတွေ ကျွန်တော်တို့ ပြောကြည့်ကြရအောင်နော်…။

ပထမဆုံး စာအုပ်အနေနဲ့ ကျွန်တော်က ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ နွေကန္တာဦးကို ရွေးချယ်ထားပါတယ်။ နွေကန္တာဦးကို ဖတ်မယ်ဆိုရင်တော့ ဝဿန်လေ ချိန်မှန်ကူးကိုပါ တစ်ခါတည်း အဆင်သင့် ပြင်ထားစေချင်တာပေါ့နော်.. နွေကန္တာဦးတစ်အုပ်တည်းအနေနဲ့လည်း ခံစားလို့ကောင်းပေမဲ့ ဝဿန်လေ ချိန်မှန်ကူးနဲ့ ပေါင်းလိုက်မှ ပြည့်စုံတာဖြစ်လို့ပါ။

ဆိုတော့… ဒီဝတ္ထုကိုတော့ သိတဲ့သူတွေ အတော်များမယ်ထင်ပါတယ်။ တချို့ စာမဖတ်ဖြစ်တဲ့သူတွေတောင်မှ TV ကြည့်ဖြစ်ရင် သိကြမယ်ထင်တာပဲ။ ဘာလို့ဆို နွေကန္တာဦးကို MRTV 4 က ဇာတ်လမ်းတွဲအနေနဲ့ ရိုက်သွားသေးတာကိုး…။

စာတော်တဲ့ မြို့ပိုင်သားလေး မောင်နှင်းငွေ၊ ဖြူဖြူနုနု နဲ့ အထီးကျန်ဆန်တဲ့ ဟန်လေးနဲ့ နုနုငယ်၊ မြို့ပိုင်သားရဲ့ အချစ်ဆုံးသူငယ်ချင်းပေမဲ့ ပစ္စည်းမဲ့ လူတန်းစားဘဝနဲ့ လောကကြီးကို ရွဲ့တတ်တဲ့ မောင်ဘခက်၊ နုနုငယ်နဲ့ ဆန့်ကျင်ဘက် သွက်သွက်လက်လက်နဲ့ လက်တွေ့ဆန်တဲ့ မညွန့်မေ။ ဒီလူငယ်လေးယောက်က ဒီဝတ္ထုရဲ့ အသက်ပေါ့… စိတ်ပညာ သဘောတရား၊ ခေတ်ရဲ့ နိုင်ငံရေး အခြေအနေနောက်ခံ၊ ဆေးပညာဗဟုသုတတွေ ရောပြွမ်းထားတဲ့ ဒီဝတ္ထုဟာ နုနုဖတ်ဖတ်လေးနဲ့ တကယ်ကို ချစ်စရာ လွမ်းစရာပါ။ တစ်ခုပဲ.. ဒီဝတ္ထုဖတ်မယ်ဆိုရင်တော့ ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲထဲက သရုပ်ဆောင်တွေရဲ့ ဇာတ်ရုပ်တွေကို မေ့ပစ်ဖို့ လိုပါလိမ့်မယ်။ ဇာတ်ကောင်တွေကို ကိုယ့်အတွေးနဲ့ကိုယ် ပုံဖော်ကြည့်ပါ။ ကိုယ့်စိတ်ကူးထဲက ဇာတ်ကောင်တွေကို ဘယ်ကမ္ဘာကျော် သရုပ်ဆောင်တွေမှ မမီဘူး မဟုတ်လား…။

သီချင်းအတွက်ကိုတော့ ကမ္ဘာကျော်အဆိုတော် စီလင်းဒီယွန်(Celion Dion) ရဲ့ “Because you Loved me” ကို ရွေးချယ်ထားပါတယ်။ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Falling into you အယ်လ်ဘမ်ထဲက နာမည်ကျော် ပေါက်သီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ Because you Loved me ဟာ Up Close and Personal ရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းလည်း ဖြစ်နေပါသေးတယ်။ ကဲ.. ဒါဆို သူ့စာသားတွေထဲက တချို့စာကြောင်းလေးတွေကို ကြည့်ကြည့်ရအောင်..

“You were my strength when I was weak..You were my voice when I couldn’t speak…You were my eyes when I couldn’t see…You saw the best there was in me…Lifted me up when I couldn’t reach….You gave me faith ’cause you believed…I’m everything I amBecause you loved me” ကဲ.. ဘယ်လောက်လှတဲ့ စာသားလေးတွေလဲ?

“ကိုယ် အားနည်းနေတဲ့အချိန်မှာ အချစ် မင်းက ကိုယ့်ရဲ့ ခွန်အားပဲ၊ ကိုယ် စကားမပြောနိုင်တဲ့အချိန်မှာ အချစ် မင်းက ကိုယ့်ရဲ့အသံပဲ။ ကိုယ် မမြင်ရတော့တဲ့အချိန်မှာ အချစ် မင်းက ကိုယ့်ရဲ့မျက်လုံးပဲ။ ကိုယ့်ရဲ့ အကောင်းဆုံးအရာတွေကို မင်းမြင်နိုင်ခဲ့တယ်။ ကိုယ်မရောက်နိုင်တဲ့အရာတွေဆီ မီနိုင်ဖို့ မင်း မြှင့်တင်ချီမပေးခဲ့တယ်။ ကိုယ့်ကို ယုံကြည်ထားပြီး မင်း သစ္စာတွေထားခဲ့တယ်။ ကိုယ်ခုလို အခြေအနေမှာ ရောက်နေရတာ အားလုံး မင်းကိုယ့်ကို ချစ်ခဲ့လို့ပါ” တဲ့… ဒါတောင် chorus ပဲ ရှိသေးတာရယ်.. တစ်ပုဒ်လုံးမှာလည်း ဒီလို အနုအရွ စာသားတွေချည်းပါပဲ။ နားမထောင်ရတာ ကြာလို့ မေ့နေပြီလား? ခုပြန်နားထောင်လိုက်ပါတော့….။

ရုပ်ရှင်.. ရုပ်ရှင်ကို ရွေးဖို့ ကျွန်တော် အတော် အခက်တွေ့ရပါတယ်။ ဘာလို့ဆို အချစ်ကားတွေမှ ကျွန်တော်မကြည့်ဖြစ်တာကိုး.. စဉ်းစားကြည့်မိမှ တစ်ကားဆို တစ်ကားမှကို မထွက်လာတာ။ ဒုက္ခတွေကို ရောက်လို့ 😀 ဒါပေမဲ့ မဖြစ်ညစ်ကျယ် စဉ်းစားရင်း ဇာတ်ကားလေးတစ်ကားတော့ ထွက်လာပါတယ်။ ဒီဇာတ်ကားကတော့ “ The Fault in Our Stars” ပါ။ အတော်လည်း ချစ်စရာ၊ ကြေကွဲစရာကောင်းတဲ့ ဇာတ်ကားလေးပေါ့။

ဇာတ်လမ်းအကျဉ်းကတော့ ဟေဇယ်ဂရေ့စ်လန်ကတ်စတာ ဆိုတဲ့ ကောင်မလေးတစ်ယောက်က သိုင်းရွိုက်ကင်ဆာကို ခံစားနေရသူပါ။ အခြေအနေကတော့ ကင်ဆာက အဆုတ်ထိ ပျံ့နှံ့နေပြီးသားပေါ့။ သူ့မိခင်ကတော့ သူ့ကို အပတ်တိုင်း ကင်ဆာလူနာတွေအတွက် လုပ်ပေးတဲ့ အုပ်စုတွေ့ဆုံပွဲတွေကို လိုက်ပို့ပေးတတ်ပါတယ်။ ဒီပွဲတွေ တက်ဖို့လည်း အားပေးတတ်ပါတယ်။ အဲဒီ ပွဲတွေထဲက တစ်ခုမှာ ဟေဇယ်က အော်ဂပ်စ်တပ်စ်ဝေါတားစ် ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ဒီကောင်လေးကလည်း အရိုးကင်ဆာကို ခံစားနေရသူပါ။ ဒါပေမဲ့ သူက အတော်လေး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူပေါ့…။

သူတို့နှစ်ယောက်ကြားထဲ ဘယ်လိုသံယောဇဉ်တွေ မွေးဖွားလာမှာလဲ? သူတို့နှစ်ယောက် အချစ်ကရော ဘယ်လို အဆုံးသတ်သွားမှာလဲ?

ဒါလေးတွေကို လွမ်းဆွေးဆွတ်ပျံ့စရာ တွေ့မြင် ခံစားရမှာပါ။ ချစ်ခြင်းဟာ ဘယ်လို အခြေအနေမျိုးမှာမဆို ပေါ်ပေါက်လာနိုင်ပြီး အချစ်ကြောင့် အရာရာ ပြောင်းလဲသွားနိုင်တယ်ဆိုတာကိုပါ ခံစားသိရှိရမယ့် ဇာတ်ကားလေးမို့ ကြည့်ရတာ ကုန်သွားတဲ့အချိန်နဲ့ ပြန်ရတာနဲ့ ထိုက်တန်စေမှာပါ။

ဒါဆို နောက်များမှ ပြန်ဆုံကြတာပေါ့နော်..။

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top