DSLR နဲ့ ရိုက်ကူးထားတဲ့ပုံကိုသုံးပြီး ဖုန်းကင်မရာကို ကြော်ငြာခဲ့လို့ ဝေဖန်ခံရပြန်တဲ့ Samsung

47687475_2258650074389940_8354610168461262848_n.jpg

သိပ်မကြာခင်က ထွက်ရှိခဲ့တဲ့ Samsung Galaxy A8 Star ဖုန်းကို ကြော်ငြာတုန်းက DSLR ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို ထည့်သုံးခဲ့တယ်ဆိုတဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုမျိုး သတင်း ပေါက်ကြားခဲ့ရတဲ့ အကြောင်းရင်းကတော့ ဓာတ်ပုံပိုင်ရှင်က ဒီပုံကို သူ့ဆီက ဝယ်သွားခဲ့တာဖြစ်ပြီး Samsung Galaxy A8 Star နဲ့ ရိုက်ထားတဲ့ပုံ မဟုတ်ဘဲ DSLR ကင်မရာ တစ်လုံးနဲ့ သူကိုယ်တိုင် ရိုက်ထားခဲ့တာလို့ ထုတ်ဖော် ပြောကြားခဲ့တာကြောင့် ဖြစ်ပါတယ်။

Samsung ရဲ့ Galaxy A8 Star ဖုန်းနဲ့သာ ဓာတ်ပုံရိုက်မယ်ဆိုရင် DSLR ကင်မရာနဲ့ ရိုက်ကူးသလို Quality မျိုး ရနိုင်မယ်ဆိုတဲ့အချက်ကို ပြချင်တာကြောင့် အခုလိုမျိုး DSLR ကင်မရာနဲ့ ရိုက်ကူးထားတဲ့ပုံကို Samsung က ထည့်သွင်းကြော်ငြာခဲ့တယ်လို့ သုံးသပ်လို့တော့ ရပါတယ်။

ဒီဓာတ်ပုံကို ခွင့်ပြုချက် မရှိဘဲ ယူသုံးထားတာမျိုး မဟုတ်ဘဲ ဓာတ်ပုံပိုင်ရှင် Dunja Djudjic ဆီကနေ Samsung က ဝယ်ယူခဲ့တာဖြစ်ပြီး ဒီလိုဝယ်ယူလိုက်တဲ့အတွက်ကြောင့် Dunja က သူ့ပုံကို ဘယ်မှာသုံးမလဲဆိုတာ အရမ်းသိချင်သွားခဲ့တယ်လို့ ဆိုထားပါတယ်။ သူ့ရဲ့ဓာတ်ပုံကို EyeEm ဆိုတဲ့ Photo Website တစ်ခုကနေ ရောင်းချခဲ့တာဖြစ်ပြီး မကြာခင်က ထွက်ရှိခဲ့တဲ့ Samsung Galaxy A8 Star ဖုန်းကို ကြော်ငြာတဲ့အခါမှာ အခုလို အသုံးပြုထားတာကို တွေ့ရှိခဲ့တာပါ။

Samsung က ဝယ်ယူထားတဲ့ပုံကို အနည်းငယ် ပြင်ဆင်ထားခဲ့ပြီး Galaxy A8 Star ရဲ့ Portrait mode ကို ပြချင်တဲ့အတွက်ကြောင့် ပုံရဲ့နောက်ခံကိုလည်း blur effect သုံးထားပါတယ်။ တကယ်တမ်းဆို Samsung က သူဝယ်ယူပြီးသားပုံကို သူကြိုက်သလို အသုံးပြုနိုင်တဲ့အတွက်ကြောင့် သွားရောက်ဝေဖန်လို့တော့ မရပါဘူး။

ဒါပေမဲ့ ဒီလိုပုံစံ ကြော်ငြာခဲ့တာက ဝယ်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာဖြစ်ပြီး “ဂျင်းထည့်နေတာ” လို့ သုံးစွဲသူတွေဘက်က ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။ အခုလို မကောင်းသတင်းထွက်လာတာမျိုးဟာ Samsung တင်မဟုတ်ဘဲ Huawei နဲ့ Xiaomi တို့ဟာလည်း အလားတူကိစ္စမျိုး လုပ်ခဲ့တာကြောင့် ဝေဖန် လှောင်ပြောင်ခံခဲ့ကြရဖူးပါတယ်။

Ref: The Verge “Samsung caught (again) using DSLR photo to advertise smartphone camera”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top