လူမှုကွန်ယက် အကောင့်တွေမှာ Follower သန်းချီပိုင်ဆိုင်ထားကြတဲ့ ဖိလစ်ပိုင်ဆယ်လီမောင်နှမ (၂) ဦး

12-6-2020-yyl-031.jpg

ရိုးရာလေး စာဖတ်ပရိသတ်တွေကို YouTube၊ အင်စတာဂရမ်၊ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ယက်အကောင့်တွေမှာ follower သန်းချီပိုင်ဆိုင်ထားကြတဲ့ ဖိလစ်ပိုင် ဆယ်လီမောင်နှမ (၂) ဦးဖြစ်တဲ့ Ranz Kyle နဲ့ Niana Guerrero တို့အကြောင်း ပြောပြပေးချင်ပါတယ်။ သူတို့မောင်နှမကို မြန်မာနိုင်ငံက ပရိသတ်တွေအပြင် တစ်ကမ္ဘာ့လုံးက ပရိသတ်တွေကပါ အားပေးချစ်ခင်ပေးကြသလို အားကျနေကြရတာပါ။ သူတို့မောင်နှမက Youtube မှာ အတူတွဲကတဲ့ဗီဒီယိုလေးတွေကို တင်ဆက်ပေးရာကနေ လူသိများလာခဲ့ပြီး Follower သန်းချီရလာခဲ့တာဖြစ်ပါတယ်။ Ranz Kyle နဲ့ Niana Guerrero တို့ရဲ့အကြောင်းကို မသိသေးတဲ့ပရိသတ်တွေအတွက် အနည်းငယ်ပြောပြပေးလိုက်ရပါတယ်။

အစ်ကိုဖြစ်သူ Ranz Kyle က သူ့ကိုယ်ပိုင် YouTube အကောင့်နဲ့ Follower သန်းချီ ပိုင်ဆိုင်ထားတဲ့ နာမည်ကြီး အကသမားတစ်ယောက်ပါ။ သူ့ညီမနဲ့အတူ နှစ်ယောက်တွဲ အကဗီဒီယိုတွေ ထွက်ရှိလာပြီးတဲ့နောက်မှာ ပိုပြီးနာမည်ကြီးလာခဲ့ပါတယ်။ သူ့အသက်က အခုမှ (၂၃) နှစ်ပဲရှိပါသေးတယ်။ သူက အကအဖွဲ့ Chicser ရဲ့အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါတယ်။ အသက် (၉) နှစ်အရွယ်မှာ အကတွေ စကခဲ့ပြီး အသက် (၁၄) နှစ်အရွယ်မှာ ပထမဆုံး အကဗီဒိယိုကို တင်ခဲ့ပြီးတဲ့နောက် YouTube မှာ နာမည်ကြီးလာခဲ့ပါတယ်။

သူ့မိဘတွေက အကနဲ့ပတ်သက်ပြီး သူ့ရဲ့အောင်မြင်မှုကို မြင်တွေ့ခဲ့ပြီးတဲ့နောက်မှာ အကနယ်ပယ်မှာ လေ့ကျင့်သင်ကြားစေခဲ့ပါတယ်။ အဲဒီလိုနဲ့ သူ့ကိုယ်ပိုင် YouTube မှာ အကဗီဒီယိုတွေတင်ရင်းနဲ့ပဲ တဖြည်းဖြည်း follower များလာခဲ့တာပါ။ ၂၀၁၁ခုနှစ်ကစပြီး YouTube မှာ သူ့ရဲ့အကဗီဒီယိုတွေကို ပုံမှန်လိုလို တင်နေရင်နဲ့ အခုဆိုရင် Ranz Kyle က YouTube စတားတစ်ယောက်ဖြစ်လာခဲ့ပြီး YouTube မှာ Follower (၁၁.၇) သန်း၊ ဖေ့စ်ဘွတ်ခ်မှာ follower (၇) သန်း၊ တွစ်တာအကောင့်မှာ follower (၄.၄) သန်းရှိနေပါပြီ။

Ranz Kyle ရဲ့ညီမ Niana Guerrero ကလည်း အသက် (၁၄) နှစ်နဲ့ အကဗီဒီယို၊ Tik Tok ဗီဒိယိုတွေနဲ့ follower သန်းချီပိုင်ဆိုင်ထားတဲ့ YouTube စတားတစ်ယောက်ပါ။ သူ အကကရင် ပျော်ပျော်ရွှင်ရွှင်ပဲကတတ်ပြီး သူ့ရဲ့အကဗီဒိယိုတွေကနေ အကနဲ့ပတ်သက်ပြီး သူ ဘယ်လောက် ဝါသနာကြီးလည်းဆိုတာ မြင်တွေ့ရနိုင်ပါတယ်။

Niana က အသက် (၃) နှစ်အရွယ်ကတည်းက အကကို စကခဲ့ပြီး သူ့မိသားစုရှေ့မှာပဲ ကပြလေ့ရှိပါတယ်။ သူက ကိုယ့်ကိုယ်ကို ထုတ်ပြရမှာ အရမ်းရှက်တတ်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီး အကကို ခုံမင်ရင်းနဲ့ ကြီးပြင်းလာခဲ့ရတာပါ။ စတိတ်စင်ပေါ်မှာ ဖျော်ဖြေရတာကိုလည်း ကြောက်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကတော့နည်းပါတယ်။ လူပေါင်းသန်းချီရှေ့မှာ ကပြနိုင်ရမယ်ဆိုတဲ့ အိပ်မက်တော့ရှိခဲ့ပါတယ်။

သူ့အစ်ကိုရဲ့ အားပေးပံ့ပိုးမှုတွေကြောင့် နောက်ဆုံးမှာ ပရိသတ်တွေကို ကပြရဲသွားခဲ့ပါတယ်။ ၂၀၁၀ခုနှစ်မှာ သူကိုယ်စား သူ့အစ်ကိုက ဖေ့စ်ဘွတ်ခ်ပေ့ချ်ထောင်ပေးခဲ့ပြီး သူ့ရဲ့အက ဗီဒီယိုတွေကို တင်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်တို့မှာ သူတို့မောင်နှမ (၂) ဦးရဲ့အကဗီဒီယိုတွေ ဆက်ပြီး တင်နေခဲ့ပါတယ်။ Niana က သူ့အစ်ကိုရဲ့ခြေရာကို နင်းတဲ့အနေနဲ့ ၂၀၁၃ခုနှစ်မှာ ကိုယ်ပိုင် YouTube channel ကို ဖန်တီးခဲ့ပြီး သူ ငယ်ငယ်က သူ့အစ်ကိုရိုက်ပေးခဲ့တဲ့ ဗီဒီယိုကို ပထမဆုံးတင်ဖြစ်ခဲ့တာပါ။ အခုဆိုရင် Niana က YouTube မှာ follower (၁၀.၆) သန်း၊ ဖေ့စ်ဘွတ်ခ်မှာ follower (၁၂) သန်း၊ အင်စတာဂရမ်မှာ (၉.၃) သန်းရှိနေပါပြီ။

အခုနောက်ပိုင်း သူတို့မောင်နှမ (၂) ဦးရဲ့အကဗီဒိယိုတွေမှာ သူတို့ရဲ့ညီမအငယ်ဆုံးလေး Natalia လည်း ပါဝင်လာပါတယ်။ တကယ်တော့ Ranz Kyle နဲ့ Niana၊ Natalia တို့ဟာ အမေတူအဖေကွဲမောင်နှမတွေပါ။ ဒါပေမဲ့ Ranz Kyle က သူ့ညီမလေးတွေကို အရမ်းချစ်ပြီး သူ တင်သမျှ ဗီဒီယိုတိုင်းမှာ သူ့ညီမလေးတွေ အမြဲပါပါတယ်။ အရမ်းလည်း ပံ့ပိုးပေးပါတယ်။ အခုဆိုရင် သူတို့မောင်နှမတွေက နာမည်ကြီးတီဗီအစီအစဉ်တွေနဲ့ စာချုပ်ချုပ်ဆိုပြီး သူတို့ရဲ့အကဗီဒီယိုတွေကို စပွန်ဆာပေးကြပါတယ်။ METUBWebTVAsiaAwards မှာလည်း Youth Inspiration of the Year ဆုကိုလည်း ရရှိထားပါတယ်။ သူတို့တွေက အကဗီဒိယိုတွေအပြင် blog ဗီဒီယို၊ Prank ဗီဒီယိုတွေ၊ ကိုယ်ပိုင်အကသီချင်းတွေကိုလည်း ဆန်းသစ်တီထွင်မှုတွေနဲ့ တင်ဆက်ပေးနေပြီး follower တွေလည်း ပိုပိုပြီး များလာနေပါပြီ။

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top