ကမ္ဘာ့ကျားကောင်ရေရဲ့ (၇၀)ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားတဲ့ အိန္ဒိယ

67374958_2510394645658107_2802203252806909952_n.jpg

အခုနောက်ဆုံး ကျားကောင်ရေ စစ်တမ်းကောက်ယူမှုအရ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ (၄) နှစ်ကထက် ကျားကောင်ရေ (၃) ပုံ (၁) ပုံ ပိုများလာပြီး ကျားအကောင်ရေ (၃၀၀၀) နီးပါးရှိလာတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကျားကောင်ရေစုစုပေါင်းရဲ့ (၇၀) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က အိန္ဒိယနိုင်ငံမှာ ကျားကောင်ရေ (၂၂၂၆)ကောင် ရှိရာကနေ ၂၀၁၈ ခုနှစ်မှာ (၂၉၆၇) ကောင်အထိ တိုးပွားလာခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ပြောပါတယ်။ ကျားကောင်ရေတိုးပွားလာတာဟာ အိန္ဒိယနိုင်ငံအတွက် သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ကြီးမားတဲ့အောင်ပွဲတစ်ရပ် ဖြစ်ပါတယ်။

ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံမှာ ၁၈၇၅ ခုနှစ်ကနေ ၁၉၂၅ ခုနှစ်ကြားကာလအတွင်း ကျားအကောင်ရေ (၈၀၀၀၀) သတ်ဖြတ်ခံခဲ့ရပါတယ်။ အမဲလိုက်အားကစားပွဲတွေထွန်းကားခဲ့ချိန်မှာ ဘုရင်တွေ၊ မင်းညီမင်းသားတွေက သေနတ်၊ လှံ၊ ပိုက်ကွန်၊ ထောက်ချောက်နဲ့ အဆိပ်တွေအသုံးပြုပြီး ကျားအကောင်ရေထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြပါတယ်။ အဲဒါကြောင့် ၁၉၆၀ ပြည့်နှစ်တစ်ဝိုက် အိန္ဒိယနိုင်ငံမှာ ကျားအကောင်ရေ သိသိသာသာ ကျဆင်းခဲ့ပြီး အိန္ဒိယအစိုးရက အမဲလိုက်တာကိုပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် ကျားကောင်ရေကျဆင်းနေတာကို လူတွေသတိထားမိစေဖို့အတွက် ကျေးရွာတွေအထိဆင်းပြီး ပညာပေးဟောပြောမှုတွေ လုပ်ခဲ့လို့ ကျားကောင်ရေ တိုးတက်လာခဲ့တာပါ။

အိန္ဒိယနိုင်ငံမှာ (၄) နှစ်ကိုတစ်ကြိမ် ကျားကောင်ရေစစ်တမ်းကောက်ယူလေ့ရှိပြီး သစ်တောအရာရှိတွေနဲ့ သိပ္ပံပညာရှင်တွေဟာ ကျားတွေကျက်စားတဲ့ သက်သေအထောက်အထားတွေ့ရဖို့ စတုရန်းမိုင် (၁၉၃၀၀၀) အထိခရီးနှင်ကြရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top