အိန္ဒိယနိုင်ငံတွင် စကားသုံးခွန်းဖြင့်အိမ်ထောင်ကွာရှင်းမှုကို ပြစ်မှုအဖြစ်သတ်မှတ်

67818751_2510396625657909_550059231852625920_n.jpg

တွာလက် (talaq) လို့ သုံးခွန်းပြောပြီး ရုတ်တရက်အိမ်ထောင်ကွာရှင်းနိုင်တဲ့ မွတ်စလင်တွေရဲ့ လုပ်ထုံးလုပ်နည်းကို ပြစ်မှုအဖြစ်သတ်မှတ်တဲ့ဥပဒေကြမ်းကို အိန္ဒိယလွှတ်တော်ကအတည်ပြုလိုက်ပါတယ်။ ”တွာလက်သုံးခွန်း”လို့ လူသိများတဲ့လုပ်ထုံးလုပ်နည်းအရ ယောကျ်ားသားတွေဟာ အီးမေးလ်တစ်ဆင့် ဒါမှမဟုတ် မက်ဆေ့ကတစ်ဆင့် တွာလက် (ကွာရှင်းပြီ) လို့ (၃)ခါပို့တာ၊ လူချင်းတွေ့ပြီး တွာလက် လို့ (၃) ခါ ပြောရုံနဲ့ ကွာရှင်းခွင့်ရရှိမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအထက်တရားရုံးက အဲဒီလုပ်ထုံးလုပ်နည်းကို ၂၀၁၇ ခုနှစ်ကတည်းက အခြေခံဥပဒေနဲ့မညီဘူးလို့ ကြေညာခဲ့ပါတယ်။ အခုဥပဒေကြမ်းကိုအတည်ပြုနိုင်ဖို့အတွက် ၂၀၁၇ မှာ အိန္ဒိယလွှတ်တော်ကိုတင်ပြခဲ့ပေမဲ့ အထက်လွှတ်တော်အမတ်တွေက မမျှတဘူးလို့သတ်မှတ်ကြတဲ့အတွက် နှောင့်နှေးကြန့်ကြာခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ အာဏာရပါတီ (BJP) က ဥပဒေကြမ်းကိုထောက်ခံပေမဲ့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီကဆန့်ကျင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အဲဒီဥပဒေကြမ်းအတွက် အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ (၉၉) မဲ၊ ကန့်ကွက်မဲ (၈၄) မဲရလဒ်ထွက်ပေါ်ခဲ့လို့ ထောက်ခံတဲ့ဘက်က အနိုင်ရခဲ့ပါတယ်။

အခုပြဋ္ဌာန်းခဲ့တဲ့ဥပဒေသစ်အရ ဥပဒေချိုးဖောက်သူတွေကို ထောင်ဒဏ် (၃) နှစ်အထိ ချမှတ်နိုင်မှာပါ။ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီကတော့ ကျား၊ မ တရားဥပဒေမျှတရေးအတွက် အောင်ပွဲတစ်ရပ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ အာဏာရပါတီက မွတ်စလင်တွေအပေါ် ပစ်မှတ်ထားနေတယ်လို့ တချို့သူတွေကပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top