ကမ္ဘာ့အစောဆုံးဝိုင်ကို လွန်ခဲ့တဲ့ နှစ် ၈၀၀၀ ထောင်ခန့်ကတည်းက ပြုလုပ်ခဲ့ကြောင်း တွေ့ရှိ

14-8000-year-old-wine-pot-georgia_Judyta-Olszewski_infographic.jpg

အာရှတိုက်နဲ့ ဥရောပတိုက်စပ်ကြားမှာ တည်ရှိတဲ့ ဂျော်ဂျီယာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၈၀၀၀ ခန့်ကတည်းက ဝိုင်ပြုလုပ်ခဲ့ကြောင်း အထောက်အထားကို နိုင်ငံတကာ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။

ကျောက်ခေတ်သစ် နှောင်းပိုင်းကာလက အိုးခြမ်းကွဲတွေထဲမှာ စပျစ်ဝိုင် အကြွင်းအကျန်ရှိခဲ့ကြောင်း အထောက်အထားတွေကို တွေ့ခဲ့ရပြီး သက်တမ်းကတော့ ၆၀၀၀ BC မှ ၅၉၀၀ BC အတွင်းရှိကာ အရင်က အစောဆုံး ဝိုင်ပြုလုပ်ခဲ့တယ် လို့ယုံကြည်ထားတဲ့ ကာလထက် နှစ် ၁၀၀၀ ခန့်စောနေတာကိုတွေ့ရပါတယ်။

လေ့လာမှုထဲမှာ ပါဝင်ခဲ့တဲ့ ဒေးဗစ် လော့ဒ်ကီပန်းနိုက်ဇ် (David Lordkipanidze) ကတော့ “ဂျော်ဂျီယာ နိုင်ငံ သားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ အားလုံး ဝိုင်ကို ဂျော်ဂျီယာက စခဲ့တယ်လို့ အရင်ကတည်းက ယူဆခဲ့ကြတာပါ။ အခုတော့ သိပ္ပံနည်းပညာနဲ့ ရှေးဟောင်းသုတေသန ပညာကပါ ကျွန်တော်တို့ ယုံကြည်ချက်ကို သက်သေထူခဲ့ပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။

လေ့လာချက်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က အမျိုးသား သိပ္ပံအကယ်ဒမီ အစီအစဉ်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဒီတွေ့ရှိချက်ဟာ ဂျော်ဂျီယာ နိုင်ငံရဲ့ ခိုင်မြဲစွာတည်ရှိခဲ့တဲ့ ဝိုင်ယဉ်ကျေးမှုကို ပိုမိုခိုင်မာစေတဲ့ အထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။

သိပ္ပံပညာရှင်အဖွဲ့ဟာ ဂျော်ဂျီယာ နိုင်ငံအနှံ့မှ တူးဖော်ရရှိခဲ့တဲ့ အိုးခြမ်းကွဲစ ၁၈ စခန့်ကို လေ့လာခဲ့တာ ဖြစ်ပြီး အိုးကွဲတွေထဲမှာ ဝိုင်တွေကို အချဉ်ပေါက်စေတဲ့ တာတာရစ် အက်ဆစ် ကိုတွေ့ရှိခဲ့ပြီး စပျစ်ဝတ်မှုံတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။

လေ့လာရေးအဖွဲ့မှ ပညာရှင်များကတော့ ဒီမြေအိုးများကို ဝိုင်များကို အချဉ်ဖောက်ခြင်း၊ သိမ်းဆည်းခြင်း၊ သောက်သုံးခြင်းတို့ ပြုလုပ်ရမှာ အသုံးပြုခဲ့တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ဒီလေ့လာရေး အစီအစဉ်ဟာ ၃ နှစ်တိတိ ကြာမြင့်ခဲ့ပြီး ဂျော်ဂျီယာ အမျိုးသား ဝိုင်အေဂျင်စီမှ ထောက်ပံ့ပေးခဲ့တာပါ။

“ဒီလေ့လာချက်ဟာ လူသားတွေနဲ့ ဝိုင်ဟာ ဟိုးအရင်ကတည်းက ပတ်သတ်ခဲ့တယ်ဆိုတာ သက်သေပြနေပြီး Beer နဲ့ လူသားတွေ ဆက်နွယ်ခဲ့သလိုပဲ ကြာမြင့်ပါတယ်” လို့ ကိန်းဗရစ်တက္ကသိုလ်မှ  ရှေးဟောင်းသုတေသန ပညာရှင် ဩဂတ်စတာ မက်မာဟွန် (Augusta McMahon) က ပြောခဲ့ပါတယ်။

ဒီနှစ် ဩဂတ်လထဲမှာလည်း လေ့လာသူများက နှစ်ပေါင်း ၆၀၀၀ ခန့်သက်တမ်းရှိတဲ့ ဝိုင်အိုးတစ်လုံးကို အီတလီနိုင်ငံမှာ တွေ့ရှိခဲ့ပြီး အရင်တုန်းကတော့ အီရန်နိုင်ငံမှာ သက်တမ်း ၅၄၀၀ ကနေ ၅၀၀၀ နီးပါးရှိတဲ့ ဝိုင်အိုးတွေကို တွေ့ရှိခဲ့ပေမဲ့ ယခုတွေ့ရှိချက်မှာ တွေ့ခဲ့ရတဲ့ ဝိုင်အိုးကတော့ သက်တမ်းအကြာဆုံး ဖြစ်ပါတယ်။

သောက်သုံးစရာတစ်ခု အဖြစ် လူသားတွေ မက်မက်မောမောသောက်သုံးကြတဲ့ ဝိုင်ဟာ သမိုင်းတစ်လျှောက်မှာလည်း ကျယ်ပြန့်စွာနေရာယူထားခဲ့တဲ့ သောက်သုံးစရာ ယမကာတစ်မျိုးဖြစ်ပြီး ပထမတုန်းကတော့ ဆေးဝါးအဖြစ် အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းမှာ အခမ်းအနားတွေနဲ့ ပွဲလမ်းသဘင်တွေမှာပါ အသုံးပြုခဲ့ပြီး ဒီနေ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ ဇိမ်ခံစရာ သောက်သုံးစရာတစ်ခုအဖြစ် သောက်သုံးလာကြတာကို တွေ့ရပါတယ်။

Ref : CNN News : Earliest winemaking traced back 8,000 years to Georgia

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top