ပင်လယ်ပြင်ထဲက လူ့ငရဲကို အမြန်ဆုံး အဆုံးသတ်ကြပါစို့

2.12.2019.jpg

ရန်ကုန်မြို့လယ်မှာ လူကုန်ကူးခံရပြီး ကျားဖောင်ပေါ် ရောင်းစားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားလေးရဲ့ဖြစ်ရပ်ကြောင့် ကျားဖောင်လုပ်ငန်းကို လူတွေ ပိုပြီးအာရုံစိုက်မိလာကြပါတယ်။ ကျားဖောင်ဆိုတာ ငါးဖမ်းလှေတစ်မျိုးပါ။ အင်္ဂလန်ကျားဖောင်လို့လည်း ခေါ်ပါတယ်။ ကျားဖောင်တစ်စီးပေါ်မှာ ဦးစီးတစ်ယောက်နဲ့ လုပ်သား ၂ ယောက် ဒါမှမဟုတ် ၃ ယောက်ပါလေ့ရှိပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသားလေးကတော့ ဖျာပုံဒေသ ကျားဖောင်လုပ်ငန်းမှာ ရောင်းစားခံခဲ့ပြီး နှိပ်စက်ညှဉ်းပန်းမှုတွေကို ၄၅ ရက်ကြာ ခံစားခဲ့ရပြီး မိသားစုက ပြန်လည်ကယ်တင်နိုင်ခဲ့ပါတယ်။

ဖျာပုံမြို့ထဲမှာရှိတဲ့ အမာမြို့နယ်ထဲက ရွာတွေဟာ ကျားဖောင်လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်ကြပါတယ်။ ဒီလုပ်ငန်းခွင်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ ထွက်ရှိတဲ့ မျှင်ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေရဲ့ ၆၅ ရာခိုင်နှုန်း ထုတ်လုပ်ပေးနေပြီး ပြည်ပကိုပါ တင်ပို့နိုင်လို့ နိုင်ငံခြားငွေ ရှာဖွေပေးနေတဲ့ လုပ်ငန်းတစ်ခုပါ။ ဒါက လုပ်သားတွေကတော့ လူ့ငရဲလို့ တင်စားရလောက်တဲ့ လုပ်ငန်းခွင် အခြေအနေမျိုး ကြုံတွေ့နေရပါတယ်။ ပင်လယ်ကမ်းဝေး ကျားဖောင်တွေက ကမ်းဝေးရေပြင်ထဲမှာ ၄ လကနေ ၈ လလောက် နေရပါတယ်။ တစ်ရက်မှာ ၂၄ နာရီလုံး အလုပ်လုပ်ရပြီး ငါးအရမ်းကျတဲ့ အချိန်မျိုးမှာ တစ်ပတ်၊ ၁၀ ရက်ဆက်တိုက် မနားမနေ အလုပ်လုပ်ရတယ်လို့ ကျားဖောင်လုပ်သားဟောင်းတွေက ပြောပါတယ်။

ကျားဖောင်ဦးစီးက ပြောစကားနားမထောင်တဲ့ လုပ်သားတွေကို ရိုက်နှိက်ညှဉ်းပန်းလေ့ရှိသလို သတ်ပြီး ရေထဲမျောခံရတဲ့ လုပ်သားတွေလည်း ရှိပါတယ်။ ကျားဖောင်ထွက်ရာကနေ လုပ်သားတစ်ယောက် ပြန်မပါလာတော့ရင်လည်း အရေးတယူ ရှာတာမျိုးမလုပ်ဘဲ ကျန်ရစ်သူ မိသားစုကို လျော်ကြေး ၆ သိန်းပေးပြီး ကိစ္စဖြတ်လေ့ရှိပါတယ်။ ဖျာပုံဒေသက ကျားဖောင်လုပ်ငန်းမှာ တရားဝင်လုပ်သား ၁၀၀၀၀ ကျော်ရှိပေမဲ့ အလုပ်သမားလိုအပ်ချက်များလို့ လူပွဲစားတွေကို အားကိုးနေရပြီး အထောက်အထား မစုံလင်သူတွေကိုလည်း အလုပ်ပေးနေရတယ်လို့ ပင်လယ်ကျားပိုက်လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးသံချောင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ကျားဖောင်လုပ်ငန်းခွင် အခြေအနေမှာ လူမဆန်မှုတွေရှိနေလို့ အလုပ်သမားလိုအပ်ချက် များပြားနေတာလို့ ဆိုရမှာပါ။ အသက်တစ်ချောင်းကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့ လုပ်ငန်းခွင်အခြေအနေမှာ ဘယ်သူကများ လိုလိုလားလား လုပ်ချင်မှာလဲ။ ဒါပေမဲ့ တချို့တွေကတော့ ဒီအလုပ်ပဲ လုပ်တတ်ပြီး တခြားရွေးချယ်စရာမရှိတဲ့ အခြေအနေမို့လို့ ဒီအလုပ်ကို ဆက်လုပ်နေရတာမျိုး ရှိပါတယ်။ အလုပ်ရှင်ဘက်ကတော့ လုပ်ငန်းဆက်လည်ပတ်ဖို့အတွက် အလုပ်သမားကို ဘယ်သူ၊ ဘယ်ဝါစစ်ဆေးနေမှာ မဟုတ်ပါဘူး။ ဒါဆိုရင် လူကုန်ကူးသူတွေလည်း အကြိုက်တွေ့နေဦးမှာပါ။ လက်ရှိအခြေအနေမှာ လုပ်ငန်းရှင်တွေက လုပ်ငန်းလည်ပတ်ဖို့အတွက် လူပွဲစားတွေကို အဓိကအားထားနေရတာပါ။

ကျားဖောင်လုပ်ငန်းခွင်မှာ အနိုင်ကျင့်နှိပ်စက်မှုတွေ၊ လူသေဆုံးမှုတွေ ရှိနေတာကို ရပ်ကွက်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေ မသိနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါဆိုရင် အထက်တာဝန်ရှိသူတွေကို တင်ပြခဲ့သလား၊ မြင်ရတွေ့ရဖန် ရိုးနေလို့ မသိလိုက် မသိဘာသာပဲ နေခဲ့သလားဆိုတာ မေးခွန်းထုတ်စရာပါ။ တကယ်လို့ သိလျက်သားနဲ့ မျက်ကွယ်ပြုခဲ့တာဆိုရင်တော့ သူတို့ကို တာဝန်ကနေ ဆိုင်းငံ့ဖို့ သင့်ပါပြီ။ တာဝန်ရှိသူဆိုတာ တာဝန်ကိုလည်း သိဖို့လိုပါတယ်။ ပြည်သူတွေကို ကာကွယ်ပေးရမယ့်အစား လျစ်လျူရှုနေသူတွေကို တာဝန်ဆက်ပေးထားဖို့ မသင့်ပါဘူး။

ဒီပြဿနာကို ဖြေရှင်းဖို့ဆိုရင် အလုပ်ရှင်တွေက အလုပ်သမားတွေကို ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်တာမျိုး မလုပ်ဘဲ ကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေ ဖန်တီးပေးရမှာပါ။ အလုပ်ချိန်၊ နားချိန်သတ်မှတ်ပေးတာ၊ ဆေးဝါး၊ အစာအာဟာရ ပံ့ပိုးပေးတာ၊ ကျန်းမာရေးစောင့်ရှောက်ပေးတာမျိုး လုပ်ဖို့ လိုပါတယ်။ ပင်ပန်းရကျိုးနပ်တဲ့ လုပ်ခလစာမျိုးလည်း သတ်မှတ်ပေးရမှာပါ။ လုပ်ငန်းခွင် အခြေအနေ တိုးတက်လာရင် အလုပ်လုပ်ချင်သူဦးရေလည်း များလာမှာပါ။ ဒါပေမဲ့ ဖျာပုံမှာ လုပ်ခဲ့တဲ့ ပင်လယ်ကျားပိုက် လုပ်ငန်းရှင်အသင်း သတင်းစာရှင်းလယ်ပွဲမှာတိကျတဲ့ အဖြေမရခဲ့ပါဘူး။ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ မကြာခင်မှာတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သွားရောက်စစ်ဆေးမယ်လို့ ဆိုပါတယ်။

အခုကြုံတွေ့နေရတဲ့ အခြေအနေကို ထောက်ရှုပြီး ခိုင်မာတဲ့ ဥပဒေတွေလည်း ရေးဆွဲဖို့ လိုအပ်နေပါပြီ။ ၁၉၂၃ ခုနှစ် အလုပ်သမား လျော်ကြေးအက်ဥပဒေအရ လုပ်ငန်းခွင်မှာ လူသေဆုံးမှုအတွက် လူတစ်ယောက်ကို အမြင့်ဆုံး ၄၅၀,၀၀၀ ပဲ ပေးတယ်ဆိုတဲ့ ဥပဒေမျိုးကလည်း ခေတ်ကုန်နေပါပြီ။ ခိုင်မာတဲ့ ဥပဒေတွေ မရှိဘူးဆိုရင် လုပ်ငန်းခွင်အတွင်း ရက်စက်မှုတွေကို အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီလိုလုပ်ငန်းခွင်အခြေအနေမျိုးကို မြန်မာ့လူ့အဖွဲ့အစည်းမှာ မတွေ့ရသင့်တဲ့အတွက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ကြရင်းနဲ့ ကျားဖောင်လုပ်သားတွေရဲ့ နာကျင်ခံစားမှုတွေ အမြန်ဆုံး အဆုံးသတ်ပေးကြဖို့ တိုက်တွန်းပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top