ဖြတ်လမ်းလိုက်ခြင်းနဲ့ ပန်းတိုင်အမှန်ကိုမရနိုင်

20.5.2019.jpg

အခုခေတ်ဟာ နည်းပညာခေတ်ဖြစ်နေတဲ့အလျောက် လူတွေပျင်းရိ အလွယ်လိုက်လာစေဖို့ အကြောင်းဖန်လို့နေပါတယ်။ နီးနီးနားနားတစ်နေရာသွားဖို့ဆို ကားနဲ့ ဆိုင်ကယ်နဲ့၊ စကားစမြည်လှမ်းပြောမယ်ဆိုလည်း ဖုန်းနဲ့ အင်တာနက်နဲ့ ဖြစ်နေတာမို့ အတော်ကို သက်သောင့်သက်သာဖြစ်လို့နေတာပါ။ အဲဒီလိုပျင်းရိလေးတွဲ့မှုလေးတွေကနေအစပြုပြီး ဇွဲ၊ လုံ့လ၊ ဝီရိယမရှိဘဲ ဖြတ်လမ်းနည်းနဲ့ ချမ်းသာချင်သူတွေ၊ အောင်မြင်ချင်သူတွေ များစွာပေါ်ထွက်လာပါတော့တယ်။

လူသားတွေဟာ ကျောက်ခေတ် သမိုင်းမတင်ခင်အချိန်ကနေ ဒီနေ့လိုတိုးတက်နေတဲ့ ခေတ်ထိတိုင် ချက်ခြင်းလက်ငင်း ဝုန်းခနဲ တိုးတက်လာခဲ့တာဟုတ်ပါဘူး။ အဆင့်ဆင့်တိုးတက်အောင်ကြံ ဆောင်ခဲ့ကြရတာဖြစ်ပါတယ်။ ကျွန်တော်တို့ခေတ်အချိန်မှာ လူ့အသုံးအဆောင်တွေကအစ ခေတ်မီပစ္စည်းကိရိယာတွေ ဆက်သွယ်ရေးကဏ္ဍတွေနဲ့ များစွာတိုးတက်လာနေတာကြောင့် လိုအပ်ချက်တွေကလည်းလည်း များသည်ထက်ကိုများလာနေပါတယ်။ ဒီလိုလိုအပ်ချက်တွေကို လိုအပ်သလို ဖြည့်ဆည်းဖို့ လွယ်လွယ်နဲ့အဆင်မပြေဖြစ်လာတဲ့အခါမှာ တချို့ဟာ ဖြတ်လမ်းလိုက်ဖြည့်ဆည်းဖို့ အားထုတ်လာတတ်ကြပါတယ်။ ဖြတ်လမ်းလိုက်တယ်ဆိုတာမှန်သမျှမှာ ဘယ်လမ်းကလိုက်လိုက် ဒုက္ခတွေ့ရဖို့ကသာ များတာကို မမြင်ကြတော့ပါဘူး။

ငွေနောက်လိုက်သူက ငွေရ၊ ပညာနောက်လိုက်သူက ပညာရပြီး တရားနောက်လိုက်သူက တရားရ လို့ဆိုကြပေမဲ့ လွယ်လင့်တကူ ရကြတယ်လို့မရှိဘဲ ဇွဲ၊လုံ့လ၊ ဝီရိယကိုအရင်းတည်ပြီး တစိုတ်မတ်မတ်လုပ်နိုင်မှ ရတာဖြစ်ပါတယ်။ တချို့သူတွေက ကိစ္စတစ်ခု၊ ပညာတစ်ခု နောက်ကိုလိုက်တယ်ဆိုပေမဲ့လည်း တစ်ကြိမ်တစ်ခါကြိုးစားပြီး မရတဲ့အခါ လက်လျှော့ပစ်လိုက်ကြပြီး အခြားတစ်ခုကို အစကပြန်စတတ်ကြပါတယ်။ ဒီလိုလူမျိုးတွေအတွက် ပန်းတိုက်ရောက်ဖို့ဖြစ်နိုင်ချေက အင်မတန်နည်းပါးပါလိမ့်မယ်။ အယ်ဒီဆင်ဟာ မီးသီးကို မီးဆက်လင်းနေစေဖို့တီထွင်ရာမှာ တစ်ကြိမ်တည်းနဲ့ မအောင်မြင်တာကြောင့် လက်လျှော့ခဲ့တယ်ဆိုရင် ဒီနေ့ ကျွန်တော်တို့ကမ္ဘာကြီးမှာ မီးရောင်တွေလင်းနေနိုင်မှာမဟုတ်ပါဘူး။

ဇွဲ၊ လုံ့လ၊ ဝီရိယ ဘာမှကိုမစိုက်ထုတ်ဘဲ ကံကိုပုံချနေသူတွေကို တွေ့ဖူးကြမှာပါ။ ဘာပဲဖြစ်ဖြစ် ကံကိုပုံချလိုက်သည်၊ အရင်ဘဝက ကုသိုလ်နည်းလိုပါ ဆိုတဲ့စကားဖြင့် ဖြေလိုက်ကြသူကများပါတယ်။ အလုပ်တစ်ခုအောင်မြင်ဖို့အတွက် ကံ၊ ဉာဏ်၊ ဝီရိယ သုံးခုလိုအပ်ပါတယ်။အမှတ် (၁၀၀) ပေးတယ်ဆိုရင် တစ်ခုကို ၃၃.၃၃% လို့ထားကြည့်ပါ။ ကံမကောင်းတာလို့ဆိုရင် ကံ ၃၃.၃၃ % ကို ဖယ်ပစ်ထားလိုက်ပြီး ဉာဏ်နဲ့ ဝီရိယကို အားစိုက်ကြည့်ပါ။ တစ်ခုကို အမှတ် (၃၀) ရတဲ့အတွက် နှစ်ခုပေါင်း အမှတ် (၆၀) ရမှာမို့ ထက်ဝက်ကျော် လုပ်ငန်းအောင်မြင်နေတာကို တွေ့နိုင်ပါတယ်။ ဘယ်သူမဆို ကံက သုည တော့ဖြစ်နေမှာ မဟုတ်တာကြောင့် ကံအမှတ်ထပ်ပေါင်းထည့်လိုက်ရင် ရာနှုန်းပြည့်တောင် အောင်မြင်နိုင်မှာပါ။

အလွယ်လိုက် ဖြတ်လမ်းနည်းနဲ့ရရှိလာသမျှအရာတွေဟာ မမှန်ကန်တဲ့လမ်းကလာတာဖြစ်လို့ ရလဒ်အမှန်၊ ပန်းတိုင်အမှန်မဖြစ်တဲ့အပြင် ကြာရှည်တည်မြဲနိုင်မှာလည်းမဟုတ်ပါဘူး။ အပြင်ပန်းကကြည့်ရင်ဟုတ်သလိုရှိပေမဲ့ အတွင်းစိတ်မှာ စိုးရိမ်စိတ်ပူလောင်နေရမှာဖြစ်လို့ မည်သူမျှမသိပေမဲ့လည်း မိမိကိုယ်မိမိသိနေတာကြောင့် ပူလောင်နေရမှာပဲဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top