မိုးခေါင်ရေရှားမှုကြောင့် ပြန်ပေါ်လာခဲ့တဲ့ နှစ်သက်တမ်း ၃၄၀၀ ရှိ နန်းမြို့

2-6-2022-yyl10.jpg

ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ဆိုးရွားစွာ ခံစားရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ အီရတ်နိုင်ငံက အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခဲ့တဲ့အတွက် ဆည်မြောင်းစနစ်အတွက် မိုဆူးလ်ရေလှောင်ကန်က ရေတွေကို ​ဖောက်ချရုံမှတပါး အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ ရလဒ်အနေနဲ့ မစ်တနီအင်ပါယာရဲ့လူစည်ကားရာနေရာဖြစ်တဲ့ ပျောက်ဆုံးသွားသော ဇာခီခူ ‘Zakhiku’ မြို့ဟာ တိုင်ဂရစ်မြစ်ကနေ ပေါ်လာခဲ့ပါတယ်။

ဂျာမန်နဲ့ ကာ့ဒ်လူမျိုး ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ မြို့ကို ပြန်ပြီးရေဖုံးလွှမ်းမသွားခင်အပျက်အစီးတွေကို တူးဖော်ပြီး မှတ်တမ်းတင်ဖို့ အလျင်စလို လုပ်ဆောင်ခဲ့ကြပါတယ်။ တူးဖော်စဥ်အတွင်း အက္ခရာစာလုံးတွေပါတဲ့ ရွှံ့ဆေးပြား ၁၀၀ ကျော်ကိုလည်း တွေ့ရှိခဲ့ပါတယ်။

သုတေသီတစ်ဦးက ရှာဖွေတွေ့ရှိမှုကို တံဆိပ်တပ်ခဲ့ပြီး အဲဒါတွေ ကာလကြာရှည်စွာ ရေအောက်မှာ တည်ရှိနေခဲ့တဲ့အချက်က အံ့ဖွယ်တစ်ခုပါပဲတဲ့။ အချိန်တိုအတွင်းမှာ ကျွမ်းကျင်ပညာရှင်​တွေဟာ ဘီစီ ၁၅၅၀၊ ဘီစီ ၁၃၅၀ ခေတ်က ကျယ်ပြောလှတဲ့ မြို့ပြအဆောက်အအုံကို ပုံဖော်ခဲ့ကြပါတယ်။

နန်းတော်တစ်ခုအပြင် နံရံနဲ့ တာဝါတိုင်တွေပါတဲ့ ခံတပ်ကြီး၊ အထပ်ပေါင်းများစွာနဲ့ သိုလှောင်ရုံအဆောက်အအုံနဲ့ စက်ရုံကြီးအပါအဝင် အခြားကြီးမားတဲ့အဆောက်အအုံများစွာလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်အလယ်မှာ မိုဆူးလ်ဆည်ကို တည်ဆောက်ခဲ့တဲ့အချိန် နန်းတော်ရေဖုံးလွှမ်းသွားပြီးနောက် နှစ်၄၀ ကျော်ကြာ ရေအောက်မှာ ရှိနေခဲ့ပေမဲ့ အားလုံးက အကောင်းအတိုင်းရှိနေခဲ့ပါတယ်။

တူးဖော်တဲ့လုပ်ငန်းစဥ်ကို ကာ့ဒ်စတန်ရှေးဟောင်းသုတေသနအဖွဲ့အစည်းရဲ့ ဒေါက်တာဟာဆန် အာမတ် ကွာဆင်မ်၊ University of Freiburg က ဒေါက်တာ အီဗာနာ ပူလ်ဂျစ်ဇ် နဲ့ University of Tubingen က ဒေါက်တာ ပီတာ ပါဖယ်လ်နာတို့က ဦးဆောင်ဆောင်ရွက်ခဲ့ကြပါတယ်။

မိုးခေါင်ရေရှားမှု ကြောင့် ဒေသတွင်း ရေပမာဏ ထပ်မံကျဆင်းသွားပြီးနောက် ၂၀၁၀ ခုနှစ်မှာ အဲဒီမြို့ကို ပထမဆုံးတွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှသာ စတင်တူးဖော်နိုင်ခဲ့ပါတယ်။ တွေ့ရှိချက်အသစ်တွေက မစ်တနီခေတ်ကုန်ပိုင်းနဲ့ အာရှုရိအုပ်ချုပ်ရေးအစပိုင်းအကြောင်း အရေးကြီးတဲ့အချက်အလက်တွေအတွက် အထောက်အကူဖြစ်မယ်လို့ သုတေသီတွေက မျှော်လင့်ထားပါတယ်။

ရေမြင့်တက်မှုကြောင့် အရေးပါတဲ့မြို့ရဲ့ ပျက်စီးဆုံးရှုံးမှုကို ရှောင်နိုင်ဖို့ တူးဖော်ထားတဲ့ အဆောက်အအုံ​တွေကို ပလပ်စတစ်အလွှာ​တွေ၊ကျောက်စရစ်​​တွေနဲ့ ကာကွယ်ထားပါတယ်။အခုတော့ ရေလှောင်ကန်အတွင်း ရေပမာဏ ပြန်လည်မြင့်တက်လာတာကြောင့် မြို့က ရေအောက်ရောက်သွားပါပြီ။

Ref: Metro “Secret city discovered after extreme drought uncovers 3,400-year-old ruins”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top