ဘဝတစ်ခုကိုဆုံးဖြတ်ပေးခဲ့တဲ့ ကျောက်စရစ်ခဲလေးနှစ်ခဲ

60636736_714344142314106_3920136867193815040_n.jpg

တစ်ခါတုန်းက ကုန်သည်ကြီးတစ်ဦးဟာ သူဌေးကြီးတစ်ဦးဆီကနေ ချေးယူထားတဲ့ငွေတွေကို ပြန်မဆပ်နိင်တဲ့အတွက်ကြောင့် အခက်တွေ့လို့နေပါတယ်။ သူဌေးကြီးက ကုန်သည်ကြီးရဲ့ တစ်ဦးတည်းသောသမီးဖြစ်သူကို တိတ်တခိုးသဘောကျနေသူဖြစ်ပြီး အခုလိုအခက်အခဲကြုံနေတဲ့အချိန်ကို အခွင့်ကောင်းရယူကာ ကုန်သည်ကြီးရဲ့သမီးဖြစ်သူ့ကို လက်ထပ်ဖို့တောင်းဆိုလိုက်ပါတယ်။

ဒါကို ကုန်သည်ကြီးရော သမီးဖြစ်တဲ့သူရော လက်မခံကြဘဲ ငြင်းဆိုကြတဲ့အခါမှာတော့ သူဌေးကြီးက ” ဒါဆို ငါတို့ သဘောတူညီမှုတစ်ခုလုပ်ကြရအောင်။ ဟိုမှာမြင်နေရတဲ့ ကျောက်စရစ်ခဲပုံကြီးထဲကနေ ကျောက်စရစ်အဖြူလေးတစ်ခဲနဲ့ အနက်ရောင်ကျောက်စရစ်ခဲလေးတစ်ခဲကို အိတ်တစ်အိတ်ထဲ ထည့်လိုက်မယ်။ ပြီးရင် သင့်ရဲ့သမီးကို အိတ်ထဲမှာရှိနေတဲ့ ကျောက်စရစ်နှစ်ခဲထဲက တစ်ခဲကို ကောက်ခိုင်းမယ်။ သင့်ရဲ့ သမီးက အနက်ရောင်ကျောက်စရစ်ခဲလေးကိုကောက်ခဲ့မိရင် ငါလက်ထပ်ခွင့်တောင်းတာကို လက်ခံရမယ်။ ငါ့အပေါ်မှာတင်နေတဲ့ ကြွေးမှီတွေကိုလည်း ပြန်ဆပ်စရာမလိုတော့ဘူး။ ဒါပေမဲ့ တကယ်လို့သာ အဖြူရောင်ကျောက်စရစ်ခဲလေးကိုကောက်လိုက်မိတယ်ဆိုရင်တော့ အကြွေးတွေလည်း ဆပ်စရာမလိုတော့ဘူး။ ငါ့ကိုလည်း လက်ထပ်စရာမလိုတော့ဘူး ” လို့ပြောပြီး သူဌေးကြီးဟာ အနီးနားမှာရှိနေတဲ့ ကျောက်စရစ်ပုံကြီးထဲကနေ ကျောက်စရစ်ခဲလေးနှစ်လုံးကို ကောက်ယူပြီး အိတ်လေးထဲကို ထည့်လိုက်ပါတယ်။

သူဋ္ဌေးကြီးက ကျောက်စရစ်လေးထည့်ထားတဲ့အိတ်လေးကို ယူလာခဲ့ပြီး ကုန်သည်ကြီးရဲ့သမီးကို ရွေးချယ်ပေးဖို့ပြောပါတယ်

ဒါပေမဲ့ သူဌေးကြီးကောက်ယူပြီးထည့်လိုက်တဲ့ ကျောက်စရစ်နှစ်ခဲလုံးက အနက်ရောင် ကျောက်စရစ်တွေပဲဖြစ်နေတာကို ကုန်သည်ကြီးရဲ့သမီးက လှမ်းမြင်လိုက်ပါတယ်။ အဲဒီနောက်သူဋ္ဌေးကြီးက ကျောက်စရစ်လေးထည့်ထားတဲ့အိတ်လေးကို ယူလာခဲ့ပြီး ကုန်သည်ကြီးရဲ့သမီးကို ရွေးချယ်ပေးဖို့ပြောပါတယ်။

ဒီနေရာမှာ စာဖတ်သူတွေကို တစ်ခုလောက်မေးချင်ပါတယ်။ တကယ်လို့သာ မိန်းကလေးရဲ့နေရာမှာ စာဖတ်သူတို့သာဆိုရင် အောက်ကရွေးချယ်မှုသုံးခုထဲက ဘာကိုရွေးချယ်မလဲ

  •  မရွေးချယ်ဘဲ ငြင်းဆိုမယ်
  • အိတ်ထဲကကျောက်စရစ်နှစ်ခဲလုံးက အနက်ရောင်တွေပဲဖြစ်တဲ့အကြောင်းကိုပြောပြပီး သူဌေးကြီးဟာ လူလိမ်တစ်ယောက်ဖြစ်တဲ့ကြောင်း ဖော်ထုတ်မယ်
  • ဒါမှမဟုတ် သူဌေးကြီးလူလည်ကျတာ သိသိရက်နဲ့ ကိုယ့်ကိုကိုယ်အနစ်နာခံပြီး တင်ရှိနေတဲ့ဖခင်ရဲ့အကြွေးတွေကို ဆပ်ပေးမယ်

ကဲ…ကောင်မလေးရဲ့ ရွေးချယ်မှုကိုဆက်ကြည့်လိုက်ရအောင်။ မိန်းကလေးဟာ သူဌေးကြီးကမ်းပေးတဲ့အိတ်ထဲက ကျောက်စရစ်ခဲလေးတစ်ခဲကို နှိုက်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ အဖြူလားအနက်လား ကြည့်မနေတော့ဘဲ အနီးနားမှာရှိတဲ့ ကျောက်စရစ်ပုံကြီးထဲကို လှမ်းပစ်လိုက်ပါတော့တယ်။ သူဋ္ဌေးကြီးက “ဟာ…မင်းဘယ်လိုလုပ်လိုက်တာလဲ “လို့ဆိုလိုက်တဲ့အခါ ” ကျွန်မကောက်ယူလိုက်တဲ့ ကျောက်စရစ်ခဲလေးကို လွှင့်ပစ်လိုက်ပေမဲ့ ဒီအိတ်ထဲမှာ ကျောက်စရစ်ခဲလေးတစ်ခဲကျန်နေပါသေးတယ်။ အဲဒီအတွက် အဖြေရှာဖို့ မခက်ခဲပါဘူး သူဌေးမင်း” လို့ပြန်ပြောပီး ကျန်ရှိနေတဲ့ ကျောက်စရစ်ခဲလေးကို ကောက်ယူကြည့်လိုက်တဲ့အခါ အနက်ရောင်ကျောက်စရစ်လေးဖြစ်နေတာကြောင့် မိန်းကလေးက ” သူဌေးမင်း ဒီမှာကျန်ရှိနေတာက ကျောက်စရစ်ခဲအနက်ရောင်လေးပဲ။ ဒါကြောင့် ကျွန်မပစ်လိုက်တာက အဖြူရောင် ကျောက်စရစ်ခဲလေးပဲဖြစ်ရမယ်။ ဒီအတွက်ကြောင့် သူဌေးမင်းပြောထားတဲ့အတိုင်း ကျွန်မ သူဌေးမင်းကို လက်ထပ်စရာမလိုတော့သလို ကျွန်မအဖေကျန်ရှိနေတဲ့ အကြွေးတွေကိုလည်း ပြန်ဆပ်ဖို့မလိုတော့ဘူးနော်။ သူဌေးမင်း စကားတည်ပါစေ” လို့ပြောပြီး သားအဖနှစ်ယောက်ပျော်ရွှင်စွာနဲ့အိမ်ပြန်လမ်းလှပခဲ့ရပေမဲ့ သူဌေးကြီးကတော့ သူ့ရဲ့မမှန်မကန်လုပ်ကြံဖန်တီးမှုတွေကြောင့် ဘာကိုမှစောဒကမတက်နိင်တော့ဘဲ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့ရပါတော့တယ်။

သမရိုးကျအတွေးတွေ ဖြေရှင်းနည်းတွေထက် ဖောက်ထွက်ဖြန့်ကျက်စဉ်းစားတတ်ဖို့ပဲလိုအပ်

ဒီအကြောင်းအရာလေးကနေပေးချင်တဲ့ အသိကတော့ ပြဿနာတစ်ခုဖြေရှင်းရတဲ့အခါ စိုးရိမ်ပူပန်မှုတွေကို တတ်နိင်သလောက်လျော့ချပါ။ ပြီးရင် သမရိုးကျနည်းလမ်းတွေနဲ့ ဖြေရှင်းလို့အဆင်မပြေတဲ့အခါမျိုးမှာ ခွဲထွက်စဉ်းစားပါ။ ခွဲထွက်စဉ်းစားခြင်းက ပြဿနာတွေဖြေရှင်းနိင်ရုံသာမက စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာလည်း အသုံးဝင်ပါသေးတယ်။ မြင်နေကြတွေ့နေကြပုံစံမျိုးမဟုတ်ဘဲ ခွဲထွက်စဉ်းစားခြင်းက သင့်ရဲ့စီးပွားရေးလုပ်ငန်းကို လူသိများစေနိုင်ပြီး အောင်မြင်စေနိင်ပါတယ်။ ရှုပ်ထွေးတဲ့ပြဿနာတွေအားလုံးအတွက် အဖြေရှိပါတယ်။ တကယ်တော့ သမရိုးကျအတွေးတွေ ဖြေရှင်းနည်းတွေထက် ဖောက်ထွက်ဖြန့်ကျက်စဉ်းစားတတ်ဖို့ပဲလိုအပ်တာပါ။

Ref: “Thinking out of the box”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top