Wordle ဂိမ်းကြောင့် အဘွားအိုတစ်ဦးကို ၁၇ နာရီကြာ ဓားစာခံအဖြစ်ကနေ ကယ်တင်နိုင်ခဲ့

10-2-2022-yyl20.jpg

အဘွားအိုတစ်ဦးကို 17 နာရီကြာ ဓားစာခံအဖြစ်ကနေ ကယ်တင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ချီကာဂိုမှာ ဖြစ်ပျက်ခဲ့ပါတယ်။ အဲဒီအဘွားအိုဟာ သူနေ့စဥ်ကစားနေကျ Wordle ဂိမ်းစိန်ခေါ်မှုအတွက် ပဟေဠိဖြေရှင်းချက် ပေးပို့မလာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့သမီးဖြစ်သူက ရဲတွေကို သတိပေးတိုင်ကြားခဲ့ပြီးတဲ့နောက်မှာ ကယ်တင်နိုင်ခဲ့တာပါ။

အသက် ၈၀ အရွယ် ဒန်နီဆဲ ဟိုလ်တ် (Denyse Holt) ဆိုတဲ့ အဘွားဟာ ဖေဖော်ဝါရီ ၅ ရက်နေ့က အီလီနွိုက်ပြည်နယ်ရှိ နေအိမ်မှာ တစ်ယောက်တည်းရှိနေချိန် ဝတ်လစ်စားလစ်နဲ့ စိတ်မနှံ့သူလို့ သံသယရှိသူက သူ့အိမ်ထဲ ဝင်ရောက်လာခဲ့ပါတယ်။ ဆီအက်တယ်မြို့မှာ ရှိတဲ့ သူ့ရဲ့သမီးက မိခင်ဖြစ်သူရဲ့ နေ့စဥ် Wordle ဂိမ်းပဟေဠိဖြေရှင်းချက်ကို ပေးပို့မလာတဲ့အတွက် တစ်ခုခုဖြစ်နေပြီဆိုတာ သတိပြုမိခဲ့တာပါ။ အခု သံသယရှိသူက ကြီး​လေးတဲ့ပြစ်မှု​တွေကို ရင်ဆိုင်နေရပါတယ်။

အဘွားဒန်နီဆဲရဲ့​ပြောစကားအရ သူ အိပ်မောကျနေချိန် အသက် ၃၂နှစ်အရွယ် ဂျိမ်းစ် အိပ်ချ် ဒဗစ် (၃) (James H. Davis III) နေအိမ်ထဲ ဝင်လာပြီး သူ့ကို ကတ်ကြေးပြပြီး ငြိမ်ငြိမ်နေဖို့ ပြောခဲ့တယ်။ အိမ်ထဲဝင်လာစဥ် ပြတင်းပေါက်မှန်ကွဲစတွေကြောင့် ရှမိပြီး ခန္ဓာကိုယ်မှာ သွေးထွက်နေတယ်လို့ ဆိုပါတယ်။


“ကျွန်မ အသက်ရှင်မယ်လို့ မထင်ခဲ့ဘူး။ ကျွန်မ ထိတ်လန့်သွားတယ်။ အသက်ရှင်ဖို့ ကြိုးစားနေခဲ့တယ်”လို့ ဒန်နီဆဲက ပြောပါတယ်။ ဒဗစ်က အဘွားဒန်နီဆဲကို အန္တရာယ်မပေးဘူးလို့ ပြောရင်းနဲ့ သူ့နဲ့အတူ ရေချိုးဖို့ ဖိအားပေးခဲ့ပါတယ်။ အဲဒီနောက် မီးဖိုခန်းထဲက ဓား၂ ချောင်းယူ၊ ဖုန်းကို ဆက်သွယ်လို့မရအောင်လုပ်​ပြီး အောက်ထပ်က အေးတဲ့ရေချိုးခန်းထဲ အဘွားကို သော့ခတ်ထားခဲ့ပါတယ်။

မကြာခင်မှာပဲ အဘွားဒန်နီဆဲရဲ့သမီး မီရယ်ဒီသ် ဟိုလ်တ် ကယ်ဒဝဲလ် (Meredith Holt-Caldwell) က သူ့မိခင်ဟာ သူ့စာတွေကို ပြန်လည်ဖြေကြားတာမရှိသလို ရေပန်းစားနေတဲ့ နေ့စဥ်စကားလုံးပဟေဠိဖြစ်တဲ့ Wordle ဂိမ်းမှာလည်း ပေးပို့မလာတာကို သတိထားမိခဲ့ပါတယ်။ သူ့မိခင်က အဲဒီဂိမ်းကို နေ့တိုင်းကစားနေကျဖြစ်ပြီး ဘယ်တော့မှ မပျက်ကွက်ခဲ့ဘူးဆိုတာ မီရယ်ဒီသ်က သိထားခဲ့တာကြောင့် ရဲတွေကို အသိပေးတိုင်ကြားခဲ့ပါတယ်။

​ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရဲတွေက အဘွား ဒန်န်ဆဲရဲ့နေအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဒဗစ်နဲ့ SWAT ရဲတပ်ဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ခဲ့ပါတယ်။ ရဲအဖွဲ့က သူ့ကို ချုပ်နှောင်ဖို့အတွက် ဒဏ်ရာပြင်းစွာမဖြစ်ဘဲ မူးမေ့လဲသွားစေတဲ့သေနတ် (stun gun) ကို အသုံးပြုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။အခုဆို ဒဗစ်က သေစေလောက်တဲ့ လက်နက်နဲ့ နေအိမ်ကျူးကျော်မှု၊ ပြန်ပေးဆွဲမှု၊ ရဲတွေကို သဲကြီးမဲကြီးတိုက်ခိုက်မှု အပါအဝင် ရာဇ၀တ်မှု​တွေကို ရင်ဆိုင်နေရတယ်လို့ ရဲတွေက ဆိုပါတယ်။ ဖြစ်စဥ်မှာ အဘွားဒန်နီဆဲက ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ သိရပါတယ်။

ဇန်နဝါရီလမှာ New York Times က ဝယ်ယူလိုက်တဲ့ Wordle ဂိမ်းက အခမဲ့ကစားလို့ရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပြီး ကစားသမားတွေကို တစ်နေ့မှာ ဝှက်ထားတဲ့ စာလုံးငါးလုံးကို ၆ ကြိမ်အထိ ခန့်မှန်းခွင့်ပေးထားပါတယ်။

Ref: BBC “A missing game of Wordle helps end a 17-hour hostage ordeal”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top