မတ်လထဲ မင်္ဂလာပွဲကျင်းပတော့မယ့် ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့စုံတွဲ

10-2-2022-yyl15.jpg

“Crash Landing on You” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ ဗိုလ်ကြီးလို့ ခေါ်​ကြတဲ့ မင်းသားချော ဟွန်ဘင်းနဲ့ မင်းသမီးဆွန်ရီဂျင်းတို့စုံတွဲဟာ ရွှေလက်တွဲကြတော့မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့က သူတို့လက်ထပ်တော့မယ်ဆိုတာကို သူ့ရဲ့အေဂျင်စီ VAST Entertainmentရဲ့အင်စတာဂရမ်အကောင့်ကတဆင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ဟယ်လို…ကျွန်တော် ဟွန်ဘင်းပါ။ အားလုံးအဆင်ပြေရဲ့လား။ ချွတ်ယွင်းချက်၊အားနည်းချက်တွေ ရှိပေမဲ့လည်း ကျွန်တော့်ကို ချစ်ပေးကြတဲ့၊ ကြီးမားတဲ့ပံ့ပိုးမှုတွေပေးခဲ့ကြတဲ့ ကျွန်တော့်ရဲ့ပရိသတ်တွေကို ကျွန်တော့်ဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်ကို ဦးစွာသိစေချင်လိုတဲ့အတွက် ဒီစာကို ရေးသားလိုက်ရတာပါ။

တော်တော်များများမှန်းဆခဲ့ဖူးကြတယ်မလား။ အဲဒါ အမှန်ပါပဲ။ အိမ်ထောင်ရေးနဲပတ်သက်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်ချလိုက်ပြီး ကျွန်တော့်ဘဝရဲ့ဒုတိယ​ခြေလှမ်းကို သတိကြီးကြီးနဲ့ လှမ်းနေပါတယ်။ ရှေ့လာမယ့်နေ့ရက်တွေကို အတူတူလျှောက်လှမ်းဖို့ ကျွန်တော့်ကို အမြဲတမ်းရယ်မောစေခဲ့တဲ့ အမျိုးသမီး (ဆွန်ရီဂျင်း)နဲ့ ကတိထားခဲ့ကြပါတယ်။ ဒရာမာမှာအတူရှိခဲ့ကြတဲ့ ဂျန်ဟော့နဲ့ ဆယ်ရီတို့ဟာ အဲဒီအနာဂတ်မှာ အတူလက်တွဲပြီး ပထမ​ခြေလှမ်းကို တက်လှမ်းတော့မှာဖြစ်ပါတယ်။

ယခုအချိန်အထိ ကျွန်တော်တို့ကိုပြသခဲ့တဲ့တူညီတဲ့ချစ်ခင်ရင်းနှီးမှု၊ နွေးထွေးမှုနဲ့အတူ ကျွန်​တော်တို့ရဲ့ပထမခြေလှမ်းတွေကို လူအများက အတူတူဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြမယ်လို့ယုံကြည်ပါတယ်။ ကျွန်တော်တို့လူချင်းမဆုံမချင်း စိတ်ချမ်းသာကိုယ်ကျန်းမာစွာနေပေးကြပါ”လို့ ရေးသားထုတ်ပြန်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မင်းသမီး ဆွန်ရီဂျင်းကလည်း အင်စတာဂရမ်မှာ ​ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာမရေးခင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖော်ပြရမလဲဆိုတာ အများကြီး စဉ်းစားခဲ့ရတယ်။ အဖိုးတန်ပြီး အရေးကြီးတဲ့ အရာဖြစ်လို့ တတ်နိုင်သမျှ ကောင်းအောင် ပြောချင်တယ်။ ကျွန်မ့မှာ တစ်သက်လုံး အတူတူကုန်ဆုံးချင်တဲ့သူတစ်ယောက်ရှိပါတယ်။ ဟုတ်ပါတယ်။ မင်းတို့အားလုံးတွေးနေတဲ့လူ (ဟွန်ဘင်း) ပါပဲ။ သူနဲ့အတူရှိနေရုံနဲ့ နွေးထွေးမှုနဲ့ အားကိုးမှုတွေကို ခံစားရစေတယ်။

အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတွေ့ဆုံတာ၊ နှလုံးသားချင်းဖလှယ်တာနဲ့ အနာဂတ်အတွက် အချင်းချင်းကတိထားကြတာတွေက စိတ်ကူးတွေနဲ့ အတော်အတန် ဝေးကွာတယ်လို့ တွေးထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီနေရာထိ အလိုလိုနေရင်း ရောက်လာခဲ့တယ်။ ကျွန်မတို့ရဲ့ဆက်ဆံရေးကို ကံကြမ္မာအဖြစ် ပြောင်းလဲပေးခဲ့တဲ့ အရာအားလုံးအတွက် ​ကျေးဇူးတင်ပါတယ်။ အားလုံးပဲ ကျွန်မတို့အတူတူရှေ့ဆက်မယ့်အနာဂတ်အတွက် ဂုဏ်ပြုပေးကြပါ။

ကျွန်မ့ကို အမြဲတမ်း အားပေးပြီး ခြွင်းချက်မရှိ ချစ်ခြင်းမေတ္တာကို ပေးကြတဲ့ ပရိသတ်တွေကို အမြဲတမ်း ကျေးဇူးတင်ပါတယ်။ ပိုရင့်ကျက်ပြီး တော်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ပေမယ့် လုပ်ရတာ မလွယ်ပါဘူး။ တစ်နေ့ကျရင် ကျွန်မ့စိတ်ထဲမှာရှိတဲ့ စံနှုန်းတွေဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါကြောင့် မင်းတို့အရှက်မရစေမယ့်သူတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်။ အားလုံးပဲ နောင်လာမယ့် နေ့ရက်တွေမှာ ပျော်ရွှင်မှုတွေ ပိုပိုပြီး ခံစားလာရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မရဲ့ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားကို အားလုံးကို မျှဝေချင်ပါတယ်”လို့ရေးသားခဲ့ပါတယ်။

ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့ရဲ့ ကိုယ်ရေးကိုယ်တာထုတ်ပြန်ချက်တွေအပြီးမှာတော့ မတ်လကျ ဆိုးလ်မြို့မှာ မင်္ဂလာပွဲကျင်းပသွားမှာဖြစ်ပြီး ကိုဗစ်-၁၉ ကြောင့် သတို့သား၊ ​သတို့သမီးရဲ့မိဘတွေနဲ့ သူတို့ရဲ့အသိမိတ်ဆွေတွေနဲ့အတူ မင်္ဂလာပွဲကို တိတ်တဆိတ်သီးသန့်ကျင်းပသွားမှာဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

ဟွန်ဘင်းနဲ့ ဆွန်ရီဂျင်းတို့က လူကြိုက်များတဲ့ ဒရာမာ “Crash Landing on You” မှာ အတူတူမပါဝင်ခင်ကတည်းက နှစ်တော်တော်ကြာသူငယ်ချင်း​တွေဖြစ်ခဲ့ကြတာပါ။ ဒရာမာပြီးတဲ့နောက်မှာတော့ သူတို့ စတွဲခဲ့ကြပြီး ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာ သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုခဲ့ကြပါတယ်။

Ref: Soompi “Hyun Bin And Son Ye Jin Announce Marriage”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top