အရန်ရေနံထဲက စည်သန်း ၁၈၀ အထိ ထုတ်ရောင်းမယ့် အမေရိကန်ရဲ့ကြေညာချက်ကြောင့် ရေနံဈေးကျဆင်းလာ

2-4-2022-yyl06.jpg

လောင်စာဆီဈေးနှုန်း ပြန်ကျအောင် ရည်ရွယ်တဲ့အနေနဲ့ အမေရိကရဲ့ အရန်ရေနံပမာဏအများအပြားကို ဈေးကွက်ထဲ ထုတ်ရောင်းပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ညွှန်ကြားခဲ့ပါတယ်။ ၆ လအတွင်း ရေနံစည် သန်း ၁၈၀ အထိ ထုတ်ရောင်းပေးမှာဖြစ်ပြီး အရန်ရေနံ သိုလှောင်မှုစတင်ခဲ့တဲ့ ၁၉၇၄ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ထုတ်ရောင်းမှု ဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ရေနံ နှောင့်နှေးပြတ်လပ်မှုကို လျှော့ချနိုင်အောင် ရည်ရွယ်တဲ့ ဒီလုပ်ရပ်ဟာ ရေနံဈေးနှုန်းတွေကိုလည်း ကျဆင်းစေခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်ရဲ့ ကြေညာချက်အပြီး West Texas Intermediate မှာ ရေနံဈေးနှုန်း ၇ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၀ ဝန်းကျင် ဖြစ်ခဲ့သလို Brent Crude မှာလည်း ၅.၄ ရာခိုင်နှုန်း ကျဆင်းပြီး တစ်စည်ကို ၁၀၇ ဒေါ်လာ ဝန်းကျင် ဖြစ်ခဲ့ပါတယ်။

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့လို့ အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီးနောက်ပိုင်း မတ်လအစောပိုင်းမှာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၁၃၉ အထိ မြင့်တက်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ စွမ်းအင်ဈေးနှုန်းတွေ ပြန်ကျခဲ့ပါတယ်။ ဒါပေမဲ့ မနှစ်ကနဲ့ယှဉ်ရင် လက်ရှိရေနံဈေးနှုန်းဟာ ၇၀ ရာခိုင်နှုန်း မြင့်မားနေဆဲပါပဲ။

အမေရိကန်က အရန်ရေနံထဲကနေ တစ်နေ့ကို ရေနံစည် ၁ သန်း ထုတ်ရောင်းပေးမယ့် အစီအစဉ်ကြောင့် ရေနံဈေးနှုန်း ကျသွားပေမဲ့ စွမ်းအင်အကျပ်အတည်းကို အပြည့်အဝ ဖြေရှင်းပေးနိုင်ဖွယ်တော့ မရှိဘူးလို့ သုတေသီတွေက ပြောပါတယ်။ လောင်စာဆီဈေးနှုန်း မြင့်တက်မှုဟာ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှာ အဓိက နိုင်ငံရေးပြဿနာတစ်ရပ်လည်း ဖြစ်စေခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ လာမယ့်နိုဝင်ဘာလကျမှာ သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပမှာပါ။

အရန်ရေနံတွေ ထုတ်ရောင်းချမှုဟာ ပြည်တွင်းထုတ်လုပ်မှု ပြန်လည်မြင့်တက်မယ့် အခုနှစ်ကုန်ကာလအထိ ပေါင်းကူးတံတားသဖွယ် ဖြစ်စေလိမ့်မယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ ရေနံထုတ်လုပ်မှု တိုးမြှင့်ဖို့ ထပ်မံလုပ်ဆောင်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

Ref: BBC “Biden orders ‘unprecedented’ release of oil reserves”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top