အိန္ဒိယနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲ ကူးစက်မှုကြောင့် ပထမဆုံး သေဆုံးမှု ကြုံတွေ့

7-2-2022-yyl1.jpg

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်မှာ သေဆုံးခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် အမျိုးသားဟာ အိုမီခရွန် ကိုဗစ်မျိုးကွဲ ကူးစက်ခံထားရသူဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ဆီးချို၊ သွေးချိုရောဂါနဲ့ တခြားရောဂါအခံရှိသူ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲ ကူးစက်ခံထားရသူ ၂၆၃၀ ရှိနေပြီး အိုမီခရွန် ကိုဗစ်မျိုးကွဲကြောင့် ပထမဆုံး သေဆုံးမှု ကြုံရတာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၆ ရက်က အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ လူနာ ၉၀,၀၀၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်ကထက် ၆ ဆ နီးပါး မြင့်တက်လာခဲ့တာပါ။ အိုမီခရွန် ကိုဗစ်မျိုးကွဲကြောင့် ကူးစက်မှုတွေ မြင့်တက်လာတာလို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်လူနာ ၃၂၅ ယောက် သေဆုံးခဲ့ပေမဲ့ အိုမီခရွန် ကိုဗစ်မျိုးကွဲနဲ့ ဆက်နွှယ်နေတဲ့ သေဆုံးမှုကတော့ ၁ ခုပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအမျိုးသားဟာ ဒီဇင်ဘာလ ၁၅ ရက်က ရာဂျက်စသန်ပြည်နယ် အူဒိုင်ပူရ်မြို့ ဆေးရုံကို တက်ရောက်ခဲ့ပြီး ၁၅ ရက်အကြာမှာ သေဆုံးခဲ့တာလို့ Indian Express သတင်းစာက ဖော်ပြပါတယ်။ သူဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားသူဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရမှုနှုန်း၊ အပတ်စဉ် လူနာတွေ့ရှိမှုနှုန်း သိသိသာသာ မြင့်တက်လာတဲ့ မဟာရက်ရှ်ထရာ၊ အနောက်ဘန်ဂေါ၊ ဒေလီ၊ ကီရာလာ၊ တမီလ်နာဒူ၊ ကာနာတာကာ၊ ဂျာခန်းပြည်နယ်တွေက စိုးရိမ်စရာကောင်းတဲ့ ပြည်နယ်တွေ ဖြစ်လာတယ်လို့ အိန္ဒိယနိုင်ငံ ဆေးသုတေသနကောင်စီ အကြီးအကဲ အဂ္ဂါဝယ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၅ သန်းကျော်ရှိပြီး သေဆုံးသူ ၄၈၂၀၀၀ ဝန်းကျင်ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလနဲ့ မေလကြားအတွင်း ဒုတိယလှိုင်း ဖြစ်ပွားခဲ့ချိန်က ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်ခဲ့ပြီး ဆေးရုံ ခုတင်၊ အောက်ဆီဂျင်နဲ့ အသက်ကယ်ဆေးဝါး ပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ပါတယ်။

ကနဦး တွေ့ရှိရတဲ့ အချက်အလက်တွေအရ အိုမီခရွန် ကိုဗစ်မျိုးကွဲ ကူးစက်ခံရသူတွေဟာ တခြားမျိုးကွဲ ကူးစက်ခံရသူတွေလောက် ဆေးရုံပေါ်မှာ အရေးပေါ် စောင့်ရှောက်မှု အချိန်ကြာကြာ ခံယူဖို့ မလိုအပ်ဘူးလို့ တွေ့ရပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံမှာ ပြည်နယ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ အချိန်နီးကပ်လာပြီဖြစ်လို့ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ လမ်းချော်သွားမှာကို ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

Ref: BBC “Covid-19: India records first death linked to Omicron variant”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top