GPA ရမှတ် ၄.၀ နဲ့ ကောလိပ်ဘွဲ့ရရှိခဲ့ပြီး တက္ကသိုလ်တက်ရောက်တော့မယ့် ၁၂ နှစ် သမီးလေး

7-2-2022-yyl7.jpg

ဖလော်ရီဒါပြည်နယ်က အသက် ၁၂ နှစ်အရွယ် ထူးချွန်တဲ့ ကောင်မလေးတစ်ယောက်ဟာ အမြန်နှုန်းနဲ့ အဆင့်မြင့်ပညာရေးဆီ လျှောက်လှမ်းနေပါတယ်။ ဆော်ဆန် အာမတ် (Sawsan Ahmed) ဆိုတဲ့ အဲဒီကောင်မလေးဟာ ဒီဇင်ဘာ ၁၅ ရက်နေ့က Broward College ကနေ GPA ရမှတ် ၄.၀ နဲ့ Associate Degree ဘွဲ့ ရရှိခဲ့ပါတယ်။ နွေဉီးရောက်တဲ့အချိန်ကျရင် ကွန်ပျူတာပရိုဂရမ်၊ ဓာတုဗေဒနဲ့ ဇီဝဗေဒတွေကို လေ့လာသင်ယူဖို့အတွက် ဖလော်ရီဒါတက္ကသိုလ်ကို တက်ရောက်မှာဖြစ်ပါတယ်။

အိမ်မှာ စာသင်ကြားပေးတဲ့အချိန်ကတည်းက ပညာရေးမှာ ထူးချွန်တယ်ဆိုတာ သတိထားမိတယ်။ သူ့ရဲ့အတန်းပညာအဆင့်ထက် နှစ်ကြီးတဲ့ သင်ရိုးညွှန်းတမ်းတွေကို မြန်မြန်ဆန်ဆန် ဖြတ်ကျော်နိုင်တယ်လို့ ဆောဆန်ရဲ့မိသားစုက ပြောပါတယ်။ အသက် ၉ နှစ်မှာ ဆောဆန်က အထက်တန်းဒီပလိုမာဘွဲ့ကို ရရှိခဲ့ပြီး ကောလိပ်ဝင်ခွင့်ရမယ့် အလယ်တန်းလွန်ပညာရေးစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ အဆင့်မြင့်အတန်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ Broward College မှာ Semester တစ်ခုကို အတန်းတစ်တန်းတက်ခြင်းဖြင့် စတင်ခဲ့ပါတယ်။ ကပ်ရောဂါဖြစ်ပွားတဲ့အခါ ဆောဆန်ရဲ့သင်ရိုးပြင်ပလှုပ်ရှားမှုတော်တော်များများကို အွန်လိုင်းကနေ လုပ်ဆောင်ခဲ့ရတဲ့အပြင် ဖျက်သိမ်းပစ်ခဲ့ရတာလည်း ရှိပါတယ်။ အဲဒါက ကောလိပ်အတန်းအများအပြားကို တစ်ခါတည်းနဲ့ စာရင်းသွင်းဖို့ အချိန်ရစေခဲ့ပါတယ်။

ဆောဆန်က သူ့အတန်းမှာ အငယ်ဆုံးကျောင်းသူဖြစ်တဲ့အတွက် ကောလိပ်ကျောင်းဝင်းအတွင်းမှာ သူ ရှိနေတာကို အခြားကျောင်းသူကျောင်းသားတွေက မကြာခဏ အံ့ဩမင်သက်ဖြစ်တာကို သူ သတိထားမိခဲ့ပါတယ်။ “အစပိုင်းမှာတော့ လူတိုင်းက သမီးကို ဟန်နီ၊ အချစ်ကလေးလို့ ခေါ်ပြီး ကူညီပေးနေခဲ့တာ။ ဒါပေမဲ့ Semester ကုန်ခါနီးမှာ အခြားကျောင်းသူ၊ကျောင်းသားတွေအားလုံးက သမီးကို အကူအညီတောင်းနေခဲ့တယ်” လို့ ဆောဆန်က ပြောပါတယ်။

ဆောဆန်ရဲ့ပါမောက္ခ အန်ဘာ အာဘယ်လ် (Amber Abels) ကလည်း သူ အများဆုံးမှတ်မိတဲ့အရာက ဆောဆန်ဟာ နေ့တိုင်း ဓာတ်ခွဲခန်းအလုပ်တွေလုပ်ဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေခဲ့တယ်ဆိုတာပဲ။ အရမ်းကောင်းပါတယ်။ သူလုပ်နိုင်တာထက်ပိုတယ်။ ထူးချွန်တဲ့ ကျောင်းသားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆောဆန်က သူ့ရဲ့ပညာရေးမှာ အရှိန်အဟုန်နဲ့ လမ်းကြောင်းပေါ်ရောက်ခဲ့ပေမဲ့ အနုပညာ၊ ဂီတ၊ ဒစ်စနေးဇာတ်ကားတွေ၊ ဗီဒီယိုဂိမ်းတွေ နှစ်သက်တာကိုလည်း မရပ်တန့်ပစ်ခဲ့ပါဘူး။

သူ့ကို STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာ) နယ်ပယ်က အားကောင်းတဲ့ အခြားအမျိုးသမီးတွေက စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တယ်လို့ ဆောဆန်က ပြောပါတယ်။ ဇီဝဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာဖြစ်တဲ့ အန်ဒရီယာ ဂယ်လက်လီ (Andrea Gellatly) ကတော့ ဆောဆန်ရဲ့စံပြပုဂ္ဂိုလ်ပါပဲ။ ဆောဆန်ရဲ့ဆေးပညာမြတ်နိုးမှုကိုတော့ Cleveland Clinic ရဲ့ ကင်ဆာစင်တာမှာ ဆရာဝန်အဖြစ် လုပ်ကိုင်နေတဲ့ သူ့ရဲ့ဖခင် ဝီဆန် အာမတ်က ကြီးကြီးမားမားလွှမ်းမိုးထားတာပါ။ သူ့ဖခင်က ဆောဆန် ဆေးပညာလောကထဲ ဝင်ရောက်ပြီး အပြောင်းအလဲလုပ်ဖို့ သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားနေပါတယ်။

“သမီးရဲ့အဖေလို ဆရာဝန်တွေက လူ့အသက်တွေကို ကယ်တင်နေတာပါ။ သမီး ဆေးပညာမှာ အလုပ်ဖြစ်မယ့် နည်းပညာကို တီထွင်ခဲ့မယ်ဆိုရင် အဲဒါက လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာပါ”လို့ ဆောဆန်က ပြောပါတယ်။ ဆောဆန်က ပြီးခဲ့တဲ့နွေရာသီမှာ ဖလောရီဒါတက္ကသိုလ်ရဲ့ဝင်ခွင့်ကို လက်ခံရရှိခဲ့တာပါ။ ဆောဆန်က သူ့ရဲ့ပညာရေးမှာ ပါရဂူဘွဲ့ရရှိဖို့ ဆက်လက်မျှော်လင့်ထားပါတယ်။ သူ့လို ရည်မှန်းချက်ကြီးကြီးမားမားရှိတဲ့ တခြားကလေးတွေအတွက်လည်း အကြံဉာဏ်တွေ မျှဝေခဲ့ပါတယ်။ “ရည်မှန်းချက်ကြီးကြီးမားမားထားပြီး ကိုယ့်ကိုယ်ကို လျှော့မတွက်ပါနဲ့။ အဲဒီစိတ်နေသဘောထား၊ ခံယူချက်က သမီးကို ဒီနေရာထိ ရောက်လာစေခဲ့တဲ့ အရာပါပဲ” လို့ ဆောဆန်က ဆိုပါတယ်။

Ref: ABCNews “12-year-old girl finishes high school, earns college degree”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top