အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ဟာ မကြုံစဖူးနှုန်းနဲ့ ကမ္ဘာတစ်ဝန်း ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က သတိပေးထားပါတယ်။ လက်ရှိအချိန်အထိ နိုင်ငံ (၇၇) နိုင်ငံမှာ ကူးစက်မြန် အိုမီခရွန် မျိုးကွဲသစ် ကူးစက်ခံထားရတဲ့ အတည်ပြုလူနာတွေ တွေ့ရှိထားပါတယ်။ ဒါပေမဲ့ အိုမီခရွန် မျိုးကွဲသစ် ကူးစက်ခံရသူတွေရှိနေပြီး ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ နိုင်ငံတွေ ရှိနေဦးမယ်လို့ WHO အကြီးအကဲ ဂီဘရီယီဆပ်က ပြောပါတယ်။
” ဒီဗိုင်းရပ်စ်ကို လျှော့တွက်တာ အန္တရာယ်ရှိမှန်း ကျွန်တော်တို့ သဘောပေါက်လာကြပါပြီ။ အိုမီခရွန်က သိပ်မပြင်းထန်ဘူးဆိုရင်တောင် ကူးစက်နှုန်းမြန်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုမရှိတဲ့ ကျန်းမာရေးစနစ်တွေကို ကသောင်းကနင်းဖြစ်စေပါလိမ့်မယ်” လို့ ဂီဘရီယီဆပ်က ပြောပါတယ်။
အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တောင်အာဖရိကနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ မျိုးကွဲသစ် ကူးစက်ခံထားရတဲ့ အတည်ပြုလူနာတွေ မြင့်တက်နေပါတယ်။ တောင်အာဖရိကသမ္မတ ရာမာဖိုဆာလည်း ကိုဗစ်-၁၉ ကူးစက်ခံထားရလို့ သီးသန့်ခွဲခြားနေထိုင်နေရပါတယ်။
ကိုဗစ်-၁၉ ရောဂါကို တွန်းလှန်တိုက်ဖျက်ရာမှာ ကာကွယ်ဆေးရရှိမှု မညီမျှချက်အပေါ် ဂီဘရီယီဆပ်က မေးခွန်းထုတ်ခဲ့ပြီး အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကို ကာကွယ်နိုင်ဖို့အတွက် ထပ်တိုးထိုးနှံမှု (Booster Shot) က အဓိကကျတယ်လို့ ဆိုခဲ့ပါတယ်။
Ref: BBC “Covid: Omicron spreading at unprecedented rate, WHO says”
Nz (ရိုးရာလေး)