လက်ရှိကာကွယ်ဆေးတွေက အိုမီခရွန် မျိုးကွဲသစ်ကို ကာကွယ်ပေးနိုင်စွမ်းရှိဟု WHO ဆို

8.12.2021yyl2.jpg

လက်ရှိထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေဟာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရသူတွေကို ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရအောင် ကာကွယ်ပေးနိုင်ဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့ အရာရှိတစ်ယောက်က ပြောပါတယ်။

တောင်အာဖရိကနိုင်ငံမှာ အိုမီခရွန်မျိုးကွဲသစ်နဲ့ပတ်သက်ပြီး ပထမဆုံး ဓာတ်ခွဲခန်းစမ်းသပ်မှုအရ အိုမီခရွန်မျိုးကွဲသစ်က Pfizer ကာကွယ်ဆေးကို ကျော်လွှားကူးစက်နိုင်တယ်ဆိုတဲ့ ယူဆချက် ထွက်ပေါ်လာချိန်မှာ WHO ရဲ့ အရေးပေါ်ဆိုင်ရာ ဒါရိုက်တာ မိုက်ရိုင်ယန်က အခုလို ပြောခဲ့တာပါ။

ကာကွယ်ဆေးကြောင့် ထွက်ရှိလာတဲ့ ပဋိပစ္စည်းဟာ အိုမီခရွန်မျိုးကွဲသစ်ကို အာနိသင်မဲ့အောင် လုပ်နိုင်တဲ့အပိုင်းမှာ ထိရောက်မှု သိသိသာသာ ကျဆင်းသွားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒါပေမဲ့ အိုမီခရွန် မျိုးကွဲသစ်ဟာ ကာကွယ်ဆေးတွေကို ကျော်လွှားကူးစက်မှုအပိုင်းမှာ တခြားမျိုးကွဲတွေထက် ပိုပြင်းထန်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ ဒေါက်တာမိုက်ရိုင်ယန်က ဆိုပါတယ်။

” အခုအချိန်အထိ တွေ့ရှိရတဲ့ ကိုဗစ်မျိုးကွဲသစ်အားလုံးကို တားဆီးကာကွယ်ပေးရာမှာ အင်မတန်ထိရောက်တဲ့ ကာကွယ်ဆေးတွေ ရှိပါတယ်။ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား မခံစားရအောင်၊ ဆေးရုံမတက်ရအောင် ကာကွယ်ပေးမှုအပိုင်းမှာပေါ့။ ကာကွယ်ဆေးတွေက အိုမီခရွန်ကို မကာကွယ်ပေးနိုင်ဘူးလို့ ယူဆစရာ အကြောင်းရင်း မရှိသေးပါဘူး” လို့ ဒေါက်တာမိုက်ရိုင်ယန်က ပြောပါတယ်။

အစောပိုင်းတွေ့ရှိရတဲ့ အချက်အလက်တွေအရ အိုမီခရွန်မျိုးကွဲသစ်ဟာ ဒယ်တာနဲ့ တခြားမျိုးကွဲတွေထက် ယှဉ်ရင် လူတွေကို ပိုပြီးဖျားနာအောင် မလုပ်နိုင်ဘူးလို့ ယူဆစရာရှိကြောင်း သူက ဆိုပါတယ်။ တောင်အာဖရိကနိုင်ငံရဲ့ လေ့လာမှုသစ် ( အလုံးစုံ ပြန်လှန်သုံးသပ်မှုလုပ်ရခြင်း မရှိသေး)အရ Pfizer/BioNTech ကာကွယ်ဆေးဟာ ကိုဗစ်မူလရောဂါပိုးနဲ့ယှဉ်ရင် အိုမီခရွန်ကို တားဆီးကာကွယ်ပေးရာမှာ ထိရောက်မှု အဆ ၄၀ အထိ နည်းပါးနိုင်တယ်လို့ တွေ့ရပါတယ်။ အဲဒီလေ့လာမှုဟာ လူနာ ၁၂ ယောက်ရဲ့ သွေးနမူနာကနေ လေ့လာဆန်းစစ်ခဲ့တာပါ။

ကိုဗစ်ကူးစက်ခံရဖူးပြီး ကာကွယ်ဆေးလည်း ထိုးထားတယ်ဆိုရင် အိုမီခရွန်မျိုးကွဲသစ်ကို အာနိသင်မဲ့အောင် လုပ်နိုင်စွမ်း ရှိတုန်းပဲလို့ အာဖရိက ကျန်းမာရေးသုတေသနသိပ္ပံရဲ့ ဗိုင်းရပ်စ်ဗေဒ ပညာရှင် ပါမောက္ခအဲလက်စ်ဆိုင်ဂယ်က ပြောပါတယ်။ ထပ်တိုးကာကွယ်ဆေး ထိုးထားတယ်ဆိုရင်တော့ သိသာထင်ရှားတဲ့ အကျိုးကျေးဇူး ခံစားရနိုင်တယ်လို့လည်း ဆိုပါတယ်။ ကိုဗစ်ကူးစက်ခံရဖူးသူတွေဟာ ကာကွယ်ဆေး (သို့မဟုတ်) ထပ်တိုးကာကွယ်ဆေး ထိုးနှံလိုက်မယ်ဆိုရင် ရောဂါကာကွယ်နိုင်စွမ်း မြင့်တက်လာဖွယ်ရှိပြီး ရောဂါပြင်းပြင်းထန်ထန် မခံစားရနိုင်ဘူးလို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေကြပါတယ်။

Pfizer ကာကွယ်ဆေးက အိုမီခရွန်မျိုးကွဲသစ်ကို ကာကွယ်ရာမှာ ဘယ်လောက်ထိရောက်တယ်ဆိုတဲ့ အချက်အလက်တွေလည်း လာမယ့်ရက်ပိုင်းမှာ ထွက်ပေါ်လာဖွယ် ရှိပါတယ်။ အိုမီခရွန် မျိုးကွဲသစ်ကို ကာကွယ်ပေးရာမှာ Moderna ၊ Johnson & Johnson နဲ့ တခြားကာကွယ်ဆေးတွေက ဘယ်လောက်ထိရောက်မှုရှိလဲဆိုတာ ဒေတာတွေတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

Ref: BBC “Covid: Vaccines should work against Omicron variant, WHO says”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top