သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေတဲ့ အလေ့အထတချို့

15-10-2021yyl05.jpg

အသက်အရွယ်ကြီးလာတာက ရှောင်လွှဲမရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာတာကတော့ ဒါက မဖြစ်သင့်တဲ့အရာပါပဲ။ ကျွန်တော်တို့အများစုက အသက်အရမ်းမကြီးသေးဘဲ ရုပ်ရင့်တဲ့ပုံပေါက်အောင် ကိုယ့်ကိုယ်ကိုယ် လုပ်မိနေတတ်ကြပါတယ်။ လုပ်လေ့လုပ်ထရှိတဲ့အလေ့အထတွေက ကျွန်တော်တို့ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေတယ်ဆိုတာကို သတိပြုမိသင့်ပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သလိုဖြစ်စေတဲ့ အလေ့အထတချို့ကို သိရှိစေဖို့အတွက် မျှဝေပေးလိုက်ရပါတယ်။

အရက်အလွန်အကျွံသောက်သုံးတာ

အရက်အလွန်အကျွံသောက်သုံးတာက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အသားရေကို ရေဓာတ်ကုန်ခန်းစေပြီး ရောင်ရမ်းတာတွေဖြစ်လာပြီး ရလဒ်အနေနဲ့ မျက်နှာနီမြန်းတာနဲ့ ဆံချည်မျှင်သွေးကြောတွေကွဲအပ်လာနိုင်ပါတယ်။ အဲဒါတွေအားလုံးက သင့်ကို လက်ရှိအသက်အရွယ်ထက် အသက်ပိုကြီးသလိုဖြစ်စေပါတယ်။ အရက်သောက်သုံးတာက မျက်နှာအရေးအကြောင်းတွေကို ဖြစ်ပေါ်စေပြီး မျက်လုံးအောက် ဖောရောင်တာတွေလည်းဖြစ်လာနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

ဖုန်းအသုံးများတာ

ကပ်ရောဂါအတွင်းမှာ လူတော်တော်များများက ဖုန်းသုံးတဲ့၊ ကွန်ပျူတာအသုံးပြုတဲ့အချိန်များလာကြပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာမျက်နှာပြင်က ထွက်တဲ့ အပြာရောင်အလင်းက သင့်မျက်လုံးနဲ့ အသားရေကို ထိခိုက်စေနိုင်ပါတယ်။ အဲဒီအပြာရောင်အလင်းနဲ့ ထိတွေ့မှုများလာတဲ့အခါ သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေပါတယ်။ ဖုန်းနဲ့ ကွန်ပျူတာတို့နဲ့ အလုပ်လုပ်ရတဲ့သူတွေရှိတဲ့အတွက် ဖုန်းနဲ့ ကွန်ပျူတာမသုံးဖို့ မဖြစ်နိုင်ပေမဲ့ ဖုန်းသုံးတဲ့၊ ကွန်ပျူတာအသုံးပြုတဲ့အချိန်ကို တက်နိုင်သလောက် လျော့ချပေးသင့်ပါတယ်။

ရေလုံလုံလောက်လောက်မသောက်သုံးတာ

ရေက လူရဲ့ခန္ဓာကိုယ်အတွက်‌ရော ကျန်းမာတဲ့နေထိုင်မှုပုံစံကိုထိန်းသိမ်းဖို့အတွက်ပါ အလွန်အရေးကြီးပါတယ်။ ရေလုံလုံလောက်လောက်မသောက်တာက ပင်ပန်းနွမ်းနယ်ခြင်း၊ မကြာခဏဖျားနာခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ အရေပြားကျန်းမာရေးချို့တဲ့ခြင်းလို ပြဿနာများစွာဖြစ်စေနိုင်ပါတယ်။ ရေဓာတ်ကုန်ခန်းတာကို အသားရေခြောက်သွေ့ခြင်း၊ အရေးအကြာင်းနဲ့ မျက်ကွင်းညိုခြင်းပုံစံမျိုးနဲ့ ကျွန်တော့်တို့မျက်နှာမှာ မြင်တွေ့ရနိုင်ပါတယ်။ သင့်အသားရေကြည်လင်စိုပြေစေဖို့အတွက်၊ ငယ်ရွယ်နုပျိုစေဖို့အတွက် အရေပြားဆဲလ်တွေကို ရေဓာတ်ဖြည့်ပေးရပါတယ်။ ဒါကြောင့် ရေလုံလုံလောက်လောက်မသောက်ဘဲ အရေပြားမှာ ရေဓာတ်ဆုံးရှုံးမယ်ဆိုရင် သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေပါတယ်။

ဆေးလိပ်သောက်တာ

ဆေးလိပ်ငွေ့မှာ အောက်စီဂျင်လည်ပတ်မှုနဲ့ အရေပြားရဲ့အရေကြီးတဲ့အာဟာရဓာတ်တွေကို လျော့ချပစ်နိုင်တဲ့ အဆိပ်အတောက်တွေ ပါဝင်ပါတယ်။ ဆေးလိပ်သောက်တာက ဆဲလ်အသစ်ဖြစ်ပေါ်စေဖို့ အရေပြားရဲ့စွမ်းဆောင်နိုင်စွမ်းကို ရပ်တန့်ပစ်တဲ့အတွက် သင့်ကို အသက်ကြီးတဲ့ပုံပေါက်စေပါတယ်။

သကြားအစားများတာ

Collagen နဲ့ elastin တို့က အရေပြားမှာ အဓိကကျတဲ့ ဓာတ်တွေဖြစ်ပြီး အရေပြားကို တင်းရင်းစေတယ်။ နုပျိုစေပါတယ်။ လေ့လာချက်တွေအရ သကြား (ဒါမှမဟုတ်) ဂလူးကို့စ်မြင့်မားစွာစားသုံးတဲ့အခါ collage နဲ့ elastin ကို ထိခိုက်စေပြီး ခန္ဓာကိုယ်ရဲ့သဘာဝပြန်လည်ပြုပြင်တဲ့လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေတယ်လို့ သိရပါတယ်။

စိတ်ဖိစီးခြင်းနဲ့ အိပ်ရေပျက်ခြင်း

စိတ်ဖိစီးတာနဲ့ အိပ်ချိန်မမှန်တာ၊ အိပ်ရေပျက်တာတွေကို လူတော်တော်များများ ကြုံတွေ့ကြရပါတယ်။ ကျွန်တော်တို့ အိပ်စက်တဲ့အခါ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်စနစ်က အသစ်ပြန်လည်ပြင်ဆင်နေတာပါ။ ပုံမှန်ထက် အိပ်ရေဝအောင်မအိပ်ဘူးဆိုတာကို သင့်မျက်နှာကို ကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ သင် စိတ်ဖိစီးတဲ့အခါ သင့်ရဲ့အာရုံကြောစနစ်က Cortisol လို စိတ်ဖိစီးမှုဟော်မုန်းကို ထုတ်လွှတ်ပါတယ်။ ဒီစိတ်ဖိစီးမှုဟော်မုန်းက သင့်အရေပြားက အဆီထုတ်လုပ်မှုကို တိုးမြှင့်လာစေပြီး ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံပေါက်တာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်လာမယ်ဆိုရင် သင့်ကို အသက်ကြီးတဲ့ပုံပေါက်လာစေနိုင်ပါတယ်။

Ref: Some common habits which can make you look older

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top