၁၀ နှစ်ကြာ ပြုစုစောင့်ရှောက်ပေးခဲ့တဲ့သူကို မလွှတ်တမ်းပွေ့ဖက်ခြင်းဖြင့် ကျေးဇူးဆပ်လေ့ရှိတဲ့ ခြင်္သေ့မလေး

27.12.2021yyl12.png

တချို့လူတွေက သူတို့ရဲ့အကောင်းဆုံးသူငယ်ချင်းအဖြစ် ကြောင်လေးတွေ၊ ခွေးလေးတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဗက်လတင်း ဂရုနာ (Valentin Gruener) ဆိုတဲ့ တောရိုင်းတိရစ္ဆာန်ဝါသနာအိုးအတွက် အကောင်းဆုံးသူငယ်ချင်းကတော့ လူတော်တော်များများကြိုက်ကြတဲ့ ခြင်္သေ့တစ်ကောင်ပါပဲ။ ဆာဂါ (Sirga) ဆိုတဲ့ အဲဒီခြင်္သ့မလေးနဲ့ ဗက်လတင်းတို့ကြား ဆက်ဆံရေးက ထူးခြားပါတယ်။ သူတို့ အချင်းချင်းတွေ့လိုက်တဲ့အချိန်တိုင်း ဆာဂါက ခုန်ပေါက်ပြီး ဗက်လင်တင်းကို ပွေ့ဖက်လေ့ရှိပါတယ်။ သူတို့ရဲ့တွေ့ဆုံမှုကို တစ်စုံတစ်ယောက်က မှတ်တမ်းတင်ခဲ့ပါတယ်။ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုက TikTok မှာ နာမည်ကြီးသွားခဲ့ပါတယ်။

ဗက်လင်တင်းအတွက် ဆာဂါက ခြင်္သေ့တွေထဲမှာ ယဉ်ပါးဆုံးပါပဲ။ ဒါပေမဲ့ ဆာဂါနဲ့ ရင်းနှီးအောင် ကြိုးစားဖို့တော့ အခြားသူတွေကို အကြံမပြုထားပါဘူး။ “ဆာဂါက အကောင်ကြီးပေမဲ့ အမြဲတမ်းယဉ်ပါးပြီး ဖော်ရွေတယ်။ ဒါပေမဲ့ သူနဲ့အဆက်အဆံလုပ်နိုင်တာက ကျွန်တော်တစ်ယောက်တည်းပါ။ သူနဲ့ မရင်းနှီးတဲ့သူတွေအတွက် အန္တရာယ်များပါလိမ့်မယ်” လို့ ဗက်လင်တင်းက ဆိုထားပါတယ်။

ဆာဂါက ဗက်လင်တင်းကို ခင်မင်ပြီး အန္တရာယ်မပြုတာက သူ့ကို ၁၀ နှစ်ကြာ ပြုစုစောင့်ရှောက်ပေးခဲ့လို့ပါပဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်က ဆာဂါကို သူ့ရဲ့မွေးမိခင်က ဂရုစိုက်မကျွေးမွေးနိုင်တော့တဲ့အတွက် ဆာဂါက ဗက်လင်တင်းရဲ့လက်ပေါ်မှာ ကြီးပြင်းခဲ့ရတာပါ။ ဗက်လင်တင်းက ဆာဂါကို လာတွေ့တဲ့အချိန်တိုင်း ဆာဂါက ခုန်ထွက်လာပြီး ဗက်လင်တင်းကို မလွှတ်တမ်းပွေ့ဖက်ခြင်းဖြင့် ကျေးဇူးဆပ်လေ့ရှိပါတယ်။

အစကတော့ ဆာဂါရဲ့ဘဝအခြေအနေတွေက ခက်ခဲခဲ့ပါတယ်။ Kalahari Desert of Botswana မှာ ပြဿနာများတဲ့တိရစ္ဆာန်တွေအဖြစ် သတ်မှတ်ခံရပြီးနောက် ဖမ်းဆီးခံရတဲ့ တောရိုင်းခြင်္သေ့တွေထဲက တစ်ကောင်က ဆာဂါကို ၂၀၁၂ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ သူ့ရဲ့မိခင်က သူ့ကို ကျွေးမွေးဖို့ ငြင်းဆန်တဲ့အတွက် ဗက်လင်တင်းက သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။

ဆာဂါဟာ ငယ်ငယ်လေးကတည်းက ဗက်လင်တင်းရဲ့လက်ပေါ်မှာ ကြီးပြင်းခဲ့ရတာဖြစ်တဲ့အတွက် အဲဒီအချိန်ကတည်းက ဗက်လင်တင်းကို ပွေ့ဖက်တဲ့အလေ့အထက ဖြစ်တည်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက သူတို့တွေ အပေါင်းအဖော်ဖြစ်လာခဲ့ကြတာပါ။
ဆာဂါ ကြီးလာတာနဲ့အမျှ ဗက်လင်တင်းနဲ့ ဆာဂါတို့ကြား ဆက်ဆံရေးက ပိုပြီးခိုင်မာလာခဲ့ပါတယ်။ အခုအချိန်ထိ ဆာဂါနဲ့ ဗက်လင်တင်းတို့က ဆာဂါအတွက် လုပ်ပေးထားတဲ့ ၂၀၀၀ ဟက်တာရှိတဲ့ သီးသန့်နယ်မြေမှာ အပန်းဖြေလေ့ရှိပါတယ်။

“အခုဆို ဆာဂါက သူ အမဲလိုက်နိုင်တဲ့၊ လွတ်လပ်စွာနေထိုင်နိုင်တဲ့ ၂၀၀၀ ဟက်တာရှိတဲ့ သီးသန့်နေရာမှာ နေထိုင်ပါတယ်။ ကျွန်တော် ဆာဂါနဲ့ နေ့တိုင်း ရှိနေပေးပါတယ်”လို့ ဗက်လင်တင်းက ဆိုပါတယ်။ ဆာဂါကို ပြုစုစောင့်ရှောက်တဲ့အတွေ့အကြုံက တစ်ဉီးချင်းအနေနဲ့ သူ့အတွက် အလွန်ပြောင်းလဲသွားတယ်လို့ ပြောပါတယ်။ “ကျွန်တော် တိရစ္ဆာန်တွေကို အမြဲတမ်းချစ်ခဲ့တယ်။

ဒါပေမဲ့ ဆာဂါက ကျွန်တော့်ရဲ့ဘဝကို ပြောင်းလဲစေခဲ့တယ်။ သူ့အတွက် တာဝန်ယူပေးရတာက နေ့စဉ်နေ့တိုင်း တခြားဖြစ်တည်မှုအတွက် တကယ်ရှိဖို့က ဘာလဲဆိုတာကို ကျွန်တော့်ကို သင်ပေးနေတုန်းပါပဲ။ ကျွန်တော် သူ့ဘေးမှာ ဆက်ရှိပေးမှာဖြစ်ပြီး သူ့ရဲ့တောရိုင်းအမျိုးအနွယ်တွေရဲ့ရှင်သန်မှုအတွက် ကျွန်တော် အသက်ရှင်နေသရွေ့ တိုက်ပွဲဝင်သွားမှာပါ” လို့ ဗက်လင်တင်းက ဆိုပါတယ်။

ဗက်လင်တင်းအတွက် ကြီးမားသန်မာတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ပြုစုစောင့်ရှောက်ခြင်းအတွက် လျှို့ဝှက်ချက်က “ချစ်ခြင်းမေတ္တာနဲ့ အချိန်”ပါတဲ့။ သူ့ရဲ့ချစ်သူကောင်မလေးကလည်း အခြားတိရစ္ဆာန်တွေအားလုံးနဲ့ အများကြီး ကူညီပေးပါတယ်။ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက ဗက်လင်တင်းအတွက် အားလပ်ရက်မရှိခဲ့ပါဘူး။ အဲဒီအတွက်လည်း နောင်တမရပါဘူးလို့ ဗက်လင်တင်းရဲ့ပြောစကားအရ သိရပါတယ်။

Ref: Boredpanda “This Lioness Repays Her Caregiver Of 10 Years With Hugs And Cuddles”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top