အိမ်ရာမဲ့တွေကို တစ်နှစ်ပတ်လုံး ကျွေးမွေးချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့တဲ့ ကောင်လေး

16-11-2021yyl6.jpg

အသက် ၁၃ နှစ် အရွယ် အာဘရာဟမ် အိုလာဘက်ဂီ (Abraham Olagbegi) ဆိုတဲ့ ကောင်လေးဟာ ရှားပါးသွေးရောဂါနဲ့ မွေးဖွားလာခဲ့တာကြောင့် ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်ခဲ့တယ်ဆိုတာကို ပြီးခဲ့တဲ့နှစ်က သိခဲ့ရပါတယ်။ (၁) နှစ်ခန့်လောက်ကြာတဲ့အချိန်မှာ ကောင်းသတင်းကြားခဲ့ရပါတယ်။ သူ့ရဲ့အစားထိုးကုသမှုက အောင်မြင်တယ်ဆိုတာပါပဲ။ ဒါ့အပြင် ပြင်းထန်တဲ့ရောဂါခံစားနေရတဲ့ကလေးတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အဖွဲ့အစည်း Make-A-Wish မှာလည်း သူ့ရဲ့ဆန္ဒကို တောင်းဆိုလို့ရခဲ့ပါတယ်။

အာဘရာဟမ်က ရေရှည်လုပ်ဆောင်ရမယ့်ဆန္ဒတစ်ခုရှိခဲ့ပြီး အဲဒီဆန္ဒကို သူ့ရဲ့အမေကို ပြောပြခဲ့ပါတယ်။ “သားလေးကို ရက်ချိန်းယူထားတဲ့ဆရာဝန်နဲ့ပြပြီး အိမ်ကို ပြန်လာတော့ “မေမေ…သား ဒါကို စဉ်းစားမိခဲ့တယ်။ အိမ်ရာမဲ့တွေကို အစားအစာကျွေးမွေးချင်တယ်လို့ သားက ပြောခဲ့တာ။ သား သေချာလား။ သား အခြားအရာအများကြီးလုပ်လို့ရတယ်။ PlayStation မလိုချင်တာ သေချာလားလို့ ကျွန်မ ပြန်ပြောခဲ့တယ်”လို့ အာဘရာဟမ်ရဲ့မိခင် မီရီရန် အိုလာဘက်ဂီ (Miriam Olagbegi) က ပြောပါတယ်။

အခြားဆယ်ကျော်သက်ကောင်လေးတွေနဲ့မတူဘဲ အာဘရာဟမ်က PlayStation စက်ကို တောင်းဆိုမယ့်အစား အိမ်ရာမဲ့တွေကို ကျွေးမွေးချင်တယ်ဆိုတဲ့ ဆန္ဒကို တောင်းဆိုခဲ့တာပါ။ အာဘရာဟမ်ရဲ့ဖခင်ကလည်း ဒါက ကောင်းတဲ့စိတ်ကူးဖြစ်တယ်လို့ ဆိုပါတယ်။ စက်တင်ဘာလမှာ Make-A-Wish က အိမ်ရာမဲ့တွေကို ကျွေးမွေးချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေက လှူဒါန်းခဲ့တဲ့ အစားအစာတွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ အာဘရာဟမ်က မစ္စစ္စပီပြည်နယ် ဂျက်ဆန်မြို့က အိမ်ရာမဲ့တွေကို အလကားဝေပေးခဲ့ပါတယ်။ အဲဒီနေ့မှာ လူ ၈၀ ခန့်ကို ကျွေးမွေးခဲ့ရတယ်လို့ အာဘရာဟမ်က ပြောပါတယ်။

“အိမ်ရာမဲ့လူတွေက အစားအစာတွေယူသွားကြတယ်။ အဲဒီထဲက တချို့က ပြန်လာပြီး ကျွန်တော်တို့ကို သီချင်းဆိုပြတယ်။ ကျေးဇူးတင်စကားဆိုခဲ့တယ်။ ဒါက တကယ်ကို ကောင်းတယ်။ ကျွန်တော်တို့ရဲ့နှလုံးသားကို နွေးထွေးစေတယ်”လို့ အာဘရာဟမ်က ဆိုပါတယ်။ အာဘရာဟမ်ရဲ့ဆန္ဒကတော့ မပြည့်သေးပါဘူး။ Make-A-Wish က တစ်နှစ်ပတ်လုံး လတိုင်း အိမ်ရာမဲ့တွေကို ကျွေးမွေးနိုင်ဖို့ အာဘရာဟမ်ကို ကူညီသွားမှာပါ။

လတိုင်း တတိယပတ် စနေနေ့တိုင်း အိမ်ရာမဲ့ ၈၀ ကျော်ကို ကျွေးမွေးမယ့် အစားအစာတွေကို လှူဒါန်းပေးနိုင်မယ့် ပြည်တွင်းကလုပ်ငန်းရှင်တွေကို ရှာဖို့ အာဘရာဟမ်နဲ့အတူ အလုပ်လုပ်သွားမှာဖြစ်တယ်လို့ Make-A-Wish အဖွဲ့အစည်းက ပြောပါတယ်။

၂၀၂၂ခုနှစ် ဩဂုတ်လမှာ အာဘရာဟမ်ရဲ့ဆန္ဒပြည့်သွားပြီးရင်လည်း အာဘရာဟမ်က အိမ်ရာမဲ့တွေကို ဆက်လက်ကူညီပေးဖို့ အစီအစဉ်ရှိနေပါတယ်။ သူက အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းချင်ပါတယ်။ “Abraham’s Table” လို့ အမည်ပေးထားပြီးသားပါ။

Ref: CBSNews “13-year-old boy granted a “Make-A-Wish” uses it to feed the homeless every month for a year”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top