လေထုညစ်ညမ်းမှု ဆိုးရွားလာလို့ နယူးဒေလီမြို့က ကျောင်းအားလုံးကို အကန့်အသတ်မရှိ ပိတ်

pollution.jpg

လေထုညစ်ညမ်းမှု ဆိုးရွားလာလို့ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ အာဏာပိုင်တွေက ကျောင်းတွေနဲ့ ကောလိပ်အားလုံးကို အကန့်အသတ်မရှိ ပိတ်လိုက်ပါပြီ။ ဆောက်လုပ်ရေးလုပ်ငန်းတွေကို နိုဝင်ဘာလ ၂၁ ရက်အထိ ပိတ်ပင်ထားပေမဲ့ ပို့ဆောင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းတွေကိုတော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးထားပါတယ်။

နယူးဒေလီမြို့မှာရှိတဲ့ ကျောက်မီးသွေးစွမ်းအင်စက်ရုံ ၁၁ ရုံထဲမှာ စက်ရုံ ၅ ကိုပဲ လုပ်ငန်းလည်ပတ်ခွင့်ပြုထားပါတယ်။ ဒီဝါလီပွဲတော်ပြီးကတည်းက နယူးဒေလီမြို့ ကောင်းကင်မှာ အဆိပ်သင့်မြူခိုးတွေ ရစ်ဆိုင်းနေတာပါ။ နယူးဒေလီမြို့ လေထုထဲမှာရှိတဲ့ PM2.5 ပမာဏဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ရဲ့သတ်မှတ်ချက်ထက် အများကြီး ပိုများနေပါတယ်။ နယူးဒေလီမြို့ နေရာတော်တော်များများရဲ့ လေထုထဲမှာရှိတဲ့ PM2.5 ပမာဏဟာ ၄၀၀ နီးပါး ဒါမှမဟုတ် ၄၀၀ ကျော် ရှိနေပါတယ်။ ဒါဟာ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုအဆင့် သတ်မှတ်ခံရတဲ့ ပမာဏပါ။

ယာဉ်တွေ၊ စက်ရုံတွေကနေ မီးခိုးထုတ်လွှတ်မှု၊ ဖုန်မှုန့်တွေနဲ့ ရာသီဥတုပုံစံကြောင့် နယူးဒေလီမြို့ဟာ ကမ္ဘာပေါ်က မြို့တော်တွေထဲမှာ လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့တော် ဖြစ်နေပါတယ်။ ဆောင်းရာသီကာလတွေမှာ နယူးဒေလီမြို့ ပတ်ဝန်းကျင်ပြည်နယ်တွေမှာနေတဲ့ တောင်ယာသမားတွေက ရိုးပြတ်တွေကို မီးရှို့ကြသလို ဒီဝါလီပွဲတော်ကိုလည်း ဒီကာလမှာပဲ ကျင်းပတာဖြစ်လို့ လေထုညစ်ညမ်းမှု ပိုဆိုးရွားစေပါတယ်။ လေကလည်း ငြိမ်နေလို့ အောက်ဘက်လေထုထဲမှာ အမှုန်အမွှားတွေ ပိတ်မိနေစေပါတယ်။

ဒီနှစ်မှာတော့ လေထုညစ်ညမ်းမှုက တော်တော်ဆိုးရွားလာလို့ အိန္ဒိယနိုင်ငံ အထက်တရားရုံးချုပ်က ပြတ်သားတဲ့ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ပြည်နယ်အစိုးရတွေနဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ လေထုညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့ အရေးပေါ်စည်းမျဉ်းတွေ ချက်ချင်းထုတ်ပြန်ဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက်မှာ နယူးဒေလီမြို့ လေထုအရည်အသွေး စီမံခန့်ခွဲရေးကော်မရှင်က အစည်းအဝေးခေါ်ယူခဲ့ပြီး အရေးပေါ်စည်းမျဉ်းတွေ ကြေညာခဲ့တာပါ။

Ref: BBC ” Delhi smog: Schools and colleges shut as pollution worsens “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top