ကလေးတွေကို စစ်တုရင်ကစားနည်းကတဆင့် ဘဝသင်ခန်းစာတွေ သင်ကြားပေးနေသူ

20-9-2021-yyl1.jpg

စစ်တုရင်က ရှေးယခင်တွေကတည်းက ကမ္ဘာ့အနှံ့အပြားမှာ ကစားခဲ့တဲ့ ကစားနည်းပါပဲ။ ထိုးထွင်းဉာဏ်နဲ့ ယှဉ်ပြိုင်ကစားရတဲ့ ကစားနည်းလည်းဖြစ်ပါတယ်။ ဒီကစားနည်းက ဘဝသင်ခန်းစာတွေ ပေးနိုင်လား။ ဘဝသင်ခန်းစာတွေ သင်ကြားပေးနိုင်တယ်ဆိုတာကို အမျိုးသားတစ်ယောက်က သက်သေပြခဲ့ပါတယ်။

ဒါမန် ဖလက်ချာ ( Damen Fletcher) ဆိုတဲ့ အမျိုးသားက ကလေးတွေကို စစ်တုရင်ကစားနည်းကတဆင့် ဘဝသင်ခန်းစာတွေ သင်ကြားပေးဖို့အတွက် Train of Thought ဆိုတဲ့ ပရိုဂရမ်ကို ဖန်တီးခဲ့ပါတယ်။ ဒါမန်ဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက စစ်တုရင် ဘယ်လိုကစားရလဲဆိုတာကို သင်ယူခဲ့သူပါ။ မြို့မှာ ကျောင်းသွားတက်ပြီးတဲ့နောက် အိမ်ပြန်လာတော့ သူ့ရဲ့ငယ်သူငယ်ချင်းတွေ ဘဝကို ရုန်းကန်နေကြရတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ တချို့တွေဆို ထောင်ကျတယ်။ တချို့ဆို လူဆိုးဖြစ်ပြီး ဆေးစွဲနေကြတယ်ဆိုတာကို သိခဲ့ရတယ်။ ဒါမန်က သူ့သူငယ်ချင်းတွေရဲ့အခြေအနေကို မြင်ပြီး စူးစမ်းမိခဲ့တယ်။ သူတို့လိုအခြေအနေမျိုး သူ ဘာကြောင့် မဖြစ်တာလဲလို့ တွေးမိခဲ့တယ်။ စစ်တုရင်ကစားနည်းကြောင့်ဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့တယ်။

စစ်တုရင်က ကစားကွက်တစ်ခုကို မရွေ့ခင် အရင် စဉ်းစားရပါတယ်။ အဲဒီလိုပဲ ဘဝမှာ တစ်ခုခုမလုပ်ခင် သေချာစဉ်းစားတွေးခေါ်ရတယ်ဆိုတာကို စစ်တုရင်က သင်ကြားပေးနေတာပါ။ လူတစ်ယောက်ရဲ့ထိုးထွင်းဉာဏ်ကိုလည်း ထက်မြက်စေပါတယ်။အသက် ၁၂ နှစ်အရွယ် အန်ဒရီက ဒါမန်ရဲ့ ပရိုဂရမ်မှာ စစ်တုရင်ကစားနည်းကို သင်ယူနေတဲ့ ကျောင်းသားတွေထဲက တစ်ယောက်ပါ။ သူ့အတွက် စစ်တုရင်က ဂိမ်းတစ်ခုထက်ပိုပါတယ်။ “စစ်မှန်တဲ့ဘဝမှာ စစ်တုရင်ခုံမှာ ကျွန်တော် သင်ယူခဲ့ရတဲ့အရာများစွာကို ကျွန်တော် လက်တွေ့အသုံးချတယ်။ မလှုပ်ရှားခင် မလုပ်ခင် အရင်စဉ်းစားတယ်” လို့ အန်ဒရီက ပြောပါတယ်။ “စစ်တုရင်မှာ အဓိကအရာက ပညာသင်တစ်ယောက်ဖြစ်ဖို့ပါ။ ဒါကြောင့် ကျွန်တော်အတွက် ပညာသင်တစ်ယောက်ဖြစ်ခြင်းက ကြိုတင်ပြင်ဆင်တာ၊ အကျိုးရှိရှိလုပ်တာ၊ ဘယ်တော့မှ လက်မလျှော့တာပါပဲ” လို့ အန်ဒရီက ဆိုပါတယ်။

ဒါမန်က အသက် ၅ နှစ်အရွယ်ကလေးတွေကို စစ်တုရင်ကစားနည်းကို ပုံပြင်တစ်ပုဒ်ဖန်တီးပြီး သင်ကြားပေးတယ်လို့ ဆိုပါတယ်။ ဘုရင်နဲ့ဘုရင်မက စစ်တုရင်ကွက်မှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့တွေက သူတို့ရဲ့နန်းတော်ဆီ ရောက်ဖို့ မြင်းတွေးစီးပြီးသွားတယ်။ ကလေး ၈ (ဉီး) မွေးထားတယ်ဆိုတဲ့ ပုံပြင်ပါပဲ။”စစ်တုရင်ကစားပွဲတိုင်းမှာ စစ်တုရင်ရုပ်တွေကို ၇၅ ကနေ ၁၀၀ ထိ ရွေ့ရတယ်။ ပြိုင်ဘက်ကရွှေ့လိုက်တဲ့ စစ်တုရင်အကွက်တိုင်းက သင် ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အဲဒါကြောင့်ပဲ ကလေးတွေက စစ်တုရင် ကစားရတာကို ပျော်ရွှင်နေကြတာပါ။ သူတို့တွေက ပြဿနာတွေ ဖြေရှင်းနေတယ်ဆိုတာကိုတော့ သူတို့ သတိမထားမိကြဘူး” လို့ ဒါမန်က ဆိုပါတယ်။

သတင်းဌာနတွေက ဒါမန်ရဲ့ Train of Thought ပရိုဂရမ်အကြောင်း ထုတ်လွှင့်တဲ့အချိန်ကစပြီး နိုင်ငံတစ်ဝှမ်းက လူတွေဆီကနေ အားပေးထောက်ခံမှုတွေရရှိခဲ့တယ်။ Train of Thought မှာ စေတနာ့ဝန်ထမ်းဘယ်လိုလုပ်ပေးရမလဲလို့ မေးတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။ဒီပရိုဂရမ်ကို ကယ်လီဖိုးနီးယားနဲ့ လူဝီစီယားနားပြည်နယ်တွေက စာသင်ကျောင်းတွေမှာ လက်ရှိသင်ကြားပေးနေပါတယ်။ ဒါမန်ရဲ့အိပ်မက်က အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ဒီပရိုဂရမ်ကို ချဲ့ထွင်ဖို့နဲ့ ယူဂန်းဒါးနိုင်ငံက စာသင်ကျောင်းတွေအထိ ရောက်သွားဖို့ပါပဲ။ Train of Thought အတွက် လှူဒါန်းငွေတွေ ပေးပို့ခဲ့တဲ့ သူတွေကို ကျေးဇူးတင်တယ်လို့ ဒါမန်က ဆိုပါတယ်။

သတင်းဌာနတစ်ခုက လွှင့်တဲ့ ဒါမန်ရဲ့ပရိုဂရမ်အကြောင်းကို ကြည့်ခဲ့ရတဲ့ အမျိုးသားတစ်ယောက်နဲ့ ဒါမန် စကားပြောခွင့်ရခဲ့ပါတယ်။ အဲဒီအမျိုးသားက ဒီဇာတ်လမ်းကြောင့် မျက်ရည်ကျခဲ့ရတယ်လို့ ပြောခဲ့သလို ဒေါ်လာ ၅၀၀ လည်းလှူဒါန်းခဲ့ပါတယ်။”သင်နဲ့တစ်ခါမှ မတွေ့ခဲ့ဖူးတဲ့ သင်ကို ယုံကြည်ပြီး ပံ့ပိုးပေးကြတဲ့ လူတွေရှိတယ်ဆိုတာ သိရတာ ကောင်းချီးတစ်ခုပါပဲ။ ဒီလှူဒါန်းမှုတွေက တစ်ကယ်ကို အကူအညီဖြစ်ပါတယ်။ ကျွန်တော်တို့ သင်ကြားပေးတဲ့ ကလေးတွေက စစ်တုရင်အစုံလိုက်လိုအပ်ကြပြီး အဲဒါကို မိသားစု၊ သူငယ်ချင်းတွေနဲ့ လေ့ကျင့်ပြီး အမြဲတမ်းကစားဖို့ အိမ်ကို ယူသွားနိုင်မှာဖြစ်လို့ပါပဲ”လို့ ဒါမန်က ပြောပါတယ်။

Ref: CBSNews “California man uses chess to teach students how to make the right moves in life”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top