ဘွဲ့ရတာ မြင်ချင်တဲ့ မိခင်ဖြစ်သူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့အထက်တန်းကျောင်းသားလေး

11.4.2023-yyl-iamge-24.jpg

စတေးဆီ စကွဲကယ်စ်ဆိုသူ အမျိုးသမီးဟာ သူ မသေဆုံးခင် နောက်ဆုံးဆန္ဒအနေနဲ့ သူ့ရဲ့သားအထက်တန်းကျောင်းကနေ ဘွဲ့ရတာကို မြင်တွေ့ခွင့်ရဖို့ပါ။ သားဖြစ်သူ ကာလက်ဘ် ဝူဒရမ်ကလည်း သူ့အမေရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် အထက်တန်းဘွဲ့နှင်းသဘင်အခမ်းအနားက မေလ (သို့) ဇွန်လမှာ ကျင်းပလေ့ရှိတာပါ။

ဒါပေမဲ့ အထူးတောင်းဆိုချက်ကြောင့် ကာလက်ဘ်အတွက် ဘွဲ့နှင်းအပ်တဲ့အခမ်းအနားကို မတ်လ ၂၈ ရက်နေ့က သူ့အမေရဲ့ဆေးရုံကုတင်ဘေးမှာ ကျင်းပခဲ့ပါတယ်။Blanchard High School ကျောင်းအုပ် ဂျော့ဂျ် ဂျက်ဆန်က ကာလက်ဘ်ကို ဘွဲ့အပ်နှင်းပေးခဲ့ပါတယ်။ အဲဒီမှာ မိသားစုဝင်တွေနဲ့ Integris Health Southwest Medical Center က ဝန်ထမ်းတွေလည်း ရှိနေခဲ့ပါတယ်။

စတေးဆီက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း နှလုံးစွမ်းဆောင်ရည်ကျဆင်းတာအပြင် နာတာရှည် လေပြွန်ကျဉ်းရောဂါနဲ့ နေထိုင်နေခဲ့ရတာပါ။ လွန်ခဲ့တဲ့ ၆ နှစ်တာအတွင်း ကာလက်ဘ်က သူ့အမေကို ပြုစုစောင့်ရှောက်ပေးခဲ့ရပြီး ဆရာဝန်ချိန်းဆိုထားတဲ့ရက်တွေရောက်ရင် ဆေးရုံကို သူပဲ ခေါ်ဆောင်လာပေးခဲ့တာပါ။ သူ့အမေ နေမကောင်းဘူးဆိုတာ သိပေမဲ့ မတ်လ ၂၇ ရက်နေ့ကမှ သူ့အမေ ဘယ်လောက်ဆိုးရွားနေလဲဆိုတာကို သိခဲ့ရတာပါ။

ကာလက်ဘ်နဲ့ သူ့မိသားစုတွေက သူ့အမေရဲ့အခြေအနေကို ဆေးရုံနဲ့ ပြောတဲ့အချိန်မှာ သူ့အမေကို ပြုစုစောင့်ရှောက်ပေးတဲ့ သူနာပြုတွေထဲကတစ်ယောက်က ကာလက်ဘ်နဲ့ သူ့အမေအတွက် ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုကို ချက်ချင်းစီစဉ်ဖို့ မျှော်လင့်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ ကာလက်ဘ်ရဲ့အမေက မေလအထိ အသက်မရှင်နိုင်တော့တဲ့အတွက်ကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခု အသက်ဝင်လာဖို့ သူတို့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။

သူနာပြုက ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တစ်ခုတင်ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားနဲ့ဆက်စပ်တဲ့ပစ္စည်းတွေ၊ အလှဆင်ပစ္စည်းတွေကို လှူဒါန်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ကျောင်းအုပ် ဂျက်ဆန်ကိုလည်း ဆက်သွယ်အကူအညီတောင်းခဲ့တာပါ။ ဂျက်ဆန်က ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးရတဲ့အတွက် ပိုပြီးဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။

စတေးဆီရဲ့ဆေးရုံကုတင်ဘေးမှာ ကာလက်ဘ်ကို ဘွဲ့အပ်နှင်းပေးပြီးတဲ့နောက်မှာ သားအမိနှစ်ယောက်လုံး ခံစားချက်အပြည့်နဲ့ ပွေ့ဖက်ခဲ့ကြပါတယ်။ စတေးဆီက သူ့သား ဘွဲ့ရပြီး နောက်တစ်နေ့ မတ်လ ၂၉ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီနေ့က သူ့ရဲ့အသက် ၅၇ နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။

Ref: High school senior graduates early at mom’s hospital bedside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top