ဒီတစ်ပတ်ထဲမှာ ဂျိုးဘိုင်ဒင်အစိုးရ ကျင်းပမယ့် ဒီမိုကရေစီ ထိပ်သီးစည်းဝေးပွဲ ဂုဏ်သတင်း မှေးမှိန်အောင် တရုတ်နဲ့ ရုရှားနိုင်ငံပိုင်မီဒီယာတွေက ရေးသားဖော်ပြလျက်ရှိပါတယ်။ တရုတ်နိုင်ငံပိုင် သတင်းစာရဲ့ ကလောင်ရှင်ဖြစ်တဲ့ ရုရှားနိုင်ငံရေးသုတေသီတစ်ယောက်ကတော့ အဲဒီစည်းဝေးပွဲဟာ ပြည့်တန်ဆာခေါင်းရဲ့မယားငယ်က ကျောင်းသူတွေကို စာရိတ္တသင်ခန်းစာ ပို့ချနေသလိုပဲလို့ ရေးသားခဲ့ပါတယ်။
ဒီမိုကရေစီ ထိပ်သီးစည်းဝေးပွဲဟာ ဒီမိုကရေစီ နှုန်းစံတန်ဖိုးတွေကို မြှင့်တင်ဖို့ ဘိုင်ဒင်အစိုးရရဲ့ အကြီးမားဆုံး ကြိုးပမ်းမှုတစ်ရပ် ဖြစ်ပါတယ်။ ကြာသပတေးနေ့နဲ့ သောကြာနေ့မှာ ပြုလုပ်မယ့် ရုပ်သံကတစ်ဆင့် ဆွေးနွေးပွဲမှာ အစိုးရအဖွဲ့ ၁၀၀ ရဲ့ ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ဂျာနယ်လစ်တွေ ပါဝင်လိမ့်မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
အမေရိကန်အစိုးရက ဒီမိုကရေစီနှုန်းစံတန်ဖိုးတွေ မြှင့်တင်ဖို့ ကြိုးစားပြီး တရုတ်နဲ့ ရုရှားကို ဖယ်ကျဉ်ခိုင်းလိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်နဲ့ ရုရှားနိုင်ငံပိုင်မီဒီယာတွေက အခုလို အပုတ်ချ ဝေဖန်နေကြတာဖြစ်မယ်လို့ အာဏာရှင်ဝါဒဖြန့်ချိမှုပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။
ဘိုင်ဒင်အစိုးရဟာ ထိပ်သီးစည်းဝေးပွဲမှာ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ဖို့၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေကို ကာကွယ်ပေးဖို့ လုပ်ငန်းစဉ်သစ်တွေ ကြေညာလိမ့်မယ်လို့ ထိပ်တန်းအရာရှိတစ်ယောက်က ပြောပါတယ်။ ဒါ့အပြင် အဲဒီစည်းဝေးပွဲမှာ ထိုင်ဝမ်ကိုလည်း ဖိတ်ခေါ်လိမ့်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အားလပ်ရက်မှာ တရုတ်နိုင်ငံကလည်း ဒီမိုကရေစီအရေးဆိုင်ရာ နိုင်ငံတကာအွန်လိုင်းဖိုရမ် ကျင်းပခဲ့ပြီး နိုင်ငံ ၁၂၀ ကျော်က နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ တစ်ပါတီစနစ် ဒီမိုကရေစီဟာ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီထက် အလုပ်ပိုဖြစ်တယ်ဆိုတဲ့ စာတမ်းဖြူကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
Ref: CNN “China and Russia attack Biden’s ‘so-called’ Summit of Democracy”
Nz (ရိုးရာလေး)