ဒီတစ်ပတ်ထဲမှာ အမေရိကန်ရဲ့ လက်နက်ငယ်တွေနဲ့ ကျည်တွေ ယူကရိန်းကို ရောက်မယ်

9.12.2021yyl9.jpg

အမေရိကန်ဒေါ်လာ သန်း ၆၀ တန် လုံခြုံရေးပံ့ပိုးမှုရဲ့ နောက်ဆုံးအသုတ်ဟာ ယူကရိန်းနိုင်ငံကို ဒီတစ်ပတ်အတွင်း ရောက်ရှိမှာဖြစ်ပြီး လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ ပါဝင်လိမ့်မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောပါတယ်။

အိမ်ဖြူတော်ထံ ယူကရိန်းသမ္မတ ဇီလင်စကီး လာရောက်ခဲ့တဲ့ စက်တင်ဘာလ ၁ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လုံခြုံရေးပံ့ပိုးမှုကို အတည်ပြုခဲ့တာပါ။ လုံခြုံရေးပံ့ပိုးမှုထဲမှာ Javelin တင့်ကားဖျက်ဒုံးကျည်လို သေစေနိုင်တဲ့ ပစ္စည်းတွေရော၊ မသေစေနိုင်တဲ့ပစ္စည်းတွေရော ပါဝင်တယ်လို့ ဂျွန်ကာဘီက ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနယ်စပ်အနီး စုဝေးနေတဲ့ အခုလိုအချိန်မှာ လုံခြုံရေးပံ့ပိုးမှုက ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြင့်တက်စေမှာပါ။ အမေရိကန်က အခြေအနေကို စောင့်ကြည့်နေပြီး ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ရင် ပူးပေါင်းတုံ့ပြန်ဖို့ နေတိုးအဖွဲ့၊ ဥရောပမဟာမိတ်နိုင်ငံတွေနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ပါတယ်။

ဒီတစ်ပတ်အတွင်း ရောက်ရှိလာမယ့် ပစ္စည်းတွေအပါအဝင် ၂၀၂၁ ခုနှစ်အတွင်းမှာ အမေရိကန်က ယူကရိန်းကို ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၄၅၀ တန်ကြေးရှိတဲ့ လုံခြုံရေးပံ့ပိုးမှုတွေ ပေးအပ်ခဲ့တယ်လို့ ဂျွန်ကာဘီက ဆိုပါတယ်။ ရုရှားနိုင်ငံက ခရိုင်းမီးယားကျွန်းဆွယ်ကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အမေရိကန်က ယူကရိန်းကို အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံကျော် ပံ့ပိုးပေးခဲ့ပါတယ်။

အမေရိကန်စစ်တပ်ဟာ ယူကရိန်းတပ်ဖွဲ့တွေကို လေ့ကျင့်ပေးရာမှာလည်း ကူညီပေးနေပါတယ်။ နိုင်ငံပေါင်းစုံ ပူးပေါင်းလေ့ကျင့်ရေးအဖွဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ဖလော်ရီဒါ အမျိုးသားသက်စောင့်တပ်ဖွဲ့ရဲ့ Task Force Gator အဖွဲ့ဝင် ၁၅၀ ကို ယူကရိန်းနိုင်ငံထံ စေလွှတ်ခဲ့ပါတယ်။

ဥရောပအထူးစစ်ဆင်ရေးဌာနချုပ်ကလည်း ထက်အောက်ကွပ်ကဲမှုအဆင့်တိုင်း လေ့ကျင့်၊ ဆက်သွယ်၊ ပူးပေါင်းဆောင်ရွက်နိုင်စေရေးအတွက် ယူကရိန်းအထူးတပ်ဖွဲ့တွေကို လေ့ကျင့်၊ အကြံပေးရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

Ref: CNN “US small arms and ammo set to arrive in Ukraine as Pentagon details troops to train country’s military”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top