(၁၄) နှစ်အကြာမှာ အောင်မြင်စွာအဆုံးသတ်ခဲ့တဲ့ မိဘ (၂) ပါးရဲ့ သားပျောက်ရှာပုံတော်

9.12.2021yyl10.jpg

တရုတ်နိုင်ငံတောင်ပိုင်းက ဇနီးမောင်နှံဟာ သူတို့ရဲ့သားပျောက်ရှာပုံတော်ကို (၁၄) နှစ်အကြာမှာ အဆုံးသတ်လိုက်ပါပြီ။ ဘာလို့ အဆုံးသတ်လိုက်ရလဲဆိုရင် (၁၄) နှစ် အကြာမှာပဲ သူတို့ရဲ့သားနဲ့ ပြန်လည်ဆုံဆည်းခွင့်ရခဲ့လို့ပါပဲ။

အသက် (၁၈) နှစ်ရှိပြီဖြစ်တဲ့ စန်ကျုံ (Sun Zhuo) ဟာ ၂၀၀၇ခုနှစ် အသက် ၄ နှစ်အရွယ်မှာ ရှန်ကျန်း (Shenzhen) မြို့မှာ ပြန်ပေးဆွဲခံလိုက်ရတာပါ။ သူ့ရဲ့မိဘတွေက သူ့ကို ပြန်ရှာတွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကြိုးစားရှာဖွေခဲ့ပါတယ်။ သူ့ရဲ့မိဘတွေဖြစ်တဲ့ စန်ဟိုင်ရန် (Sun Haiyang) နဲ့ ဖုန်စီရင် (Peng Siying) တို့ဟာ သူ့ကို ရှာဖွေဖို့အတွက် ပိုင်ဆိုင်မှုတွေကို ရောင်းချကာ သူ့သားရှိနေတဲ့နေရာနဲ့ပတ်သက်ပြီး သတင်းပေးနိုင်ရင် ဒေါ်လာ ၃၁၀,၀၀၀ အထိ ဆုငွေချီးမြှင့်မယ်လို့ ကြေညာခဲ့တယ်လို့ တရုတ်ပြည်တွင်းမီဒီယာက ဖော်ပြထားပါတယ်။

စန်ဟိုင်ရန်က တရုတ်နိုင်ငံရဲ့ဒေသတိုင်းနီးပါးကို သွားပြီး သူ့သားကို နှစ်တော်တော်ကြာ ရှာဖွေခဲ့ပါတယ်။ သူတို့ရဲ့ပျောက်ဆုံးနေတဲ့သားကို (၁၄) နှစ်ကြာ ကြိုးစားရှာဖွေမှုဟာ နာမည်ကြီး ရုပ်ရှင်ကားကိုလည်း ရိုက်ကူးဖို့ ဖြစ်လာစေခဲ့ပါတယ်။ သူ့သားရှာဖွေတဲ့အကြောင်းကို အခြေခံပြီး ဟောင်ကောင်ဒါရိုက်တာ ပီတာ ချန် (Peter Chan) ရိုက်ကူးခဲ့တဲ့ ၂၀၁၄ခုနှစ်က “Dearest” ဆိုတဲ့ ရုပ်ရှင်ကားကလည်း Box Office မှာ ဒေါ်လာ သန်း ၅၀ ကျော်ဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားက တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ ကလေးပြန်ပေးဆွဲမှုနဲ့ လူကုန်ကူးမှုပြဿနာတွေကို မီးမောင်းထိုးပြခဲ့တာပါ။

ရဲတပ်ဖွဲ့က စန်ကျုံကို ပြန်ပေးဆွဲခဲ့တယ်လို့ သံသယရှိတဲ့ ဝူ ဆိုတဲ့အမျိုးသားရဲ့ကိုယ်ပိုင်လက္ခဏာတွေ၊ အထောက်အထားတွေ ဖော်ထုတ်နိုင်ဖို့အတွက် ရုပ်၊ ပုံဖမ်းတဲ့ နည်းပညာကို အသုံးပြုပြီးတဲ့နောက် အာဏာပိုင်တွေက စန်ကျုံကို အရှေ့ပိုင်းရှန်ဒုန် စီရင်စုမှာ ခြေရာခံရှာဖွေခဲ့ကြပါတယ်။ စန်ကျုံရဲ့အထောက်အထားတွေကို DNA စစ်ဆေးခြင်းနဲ့ အတည်ပြုခဲ့ပါတယ်။ ဝူဆိုတဲ့ အမျိုးသားက စန်ကျုံကို ပြန်‌ပေးဆွဲမှုအပါအဝင် ကလေးပြန်ဆွဲမှု (၂) ခုနဲ့ ဖမ်းဆီးထားပါတယ်။ စန်ကျုံရဲ့မွေးစားမိဘတွေကတော့ ရုံတင်စစ်ဆေးရင်း အာမခံရဖို့ စောင့်ဆိုင်းနေပါတယ်။

စန်ကျုံက မွေးစားမိဘတွေဟာ သူ့ကို ၁၀ နှစ်ကျော် ပြုစုပျိုးထောင်လာခဲ့တဲ့အတွက် သူတို့နဲ့ နေသွားမှာဖြစ်ပြီး အရင်က သူ့ရဲ့မျိုးရိုးအစစ်အမှန်ကိုလည်း မသိခဲ့ရဘူးလို့ ပြည်တွင်းမီဒီယာကို ပြောခဲ့ပါတယ်။တရုတ်ဉပဒေအရ လူကုန်ကူးမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်ဖြစ်ပြီး လူကုန်ကူးခံရသူကို ဝယ်ယူသူတွေက ထောင်ဒဏ် (၃) နှစ်နဲ့ အထက် ချမှတ်ခံရနိုင်ပါတယ်။ တရုတ်နိုင်ငံမှာ ကလေး ဘယ်နှစ်ယောက် ပျောက်ဆုံးနေလဲဆိုတာတော့ အသေအချာမသိရပေမဲ့ ခန့်မှန်းခြေ ထောင်နဲ့ချီရှိနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအေဂျင်စီကတော့ တရုတ်နိုင်ငံကို အဆင့် ၃ (အနိမ့်ဆုံးအဆင့်) အဖြစ်သတ်မှတ်ထားပြီး တရုတ်အစိုးရက “လူကုန်ကူးမှုပပျောက်ရေးဆိုင်ရာအနိမ့်ဆုံးစံနှုန်းတွေနဲ့ အပြည့်အဝမပြည့်မီဘူး” လို့ သိရပါတယ်။

၂၀၂၁ခုနှစ်မှာ ပြန်ပေးဆွဲခံရတဲ့ ကလေး (၈၀၀၀) ကျော်က သူတို့ရဲ့မိဘတွေနဲ့ ပြန်ဆုံဆည်းခဲ့ရပြီး DNA အထောက်အထားတွေနဲ့ ရုပ်၊ ပုံဖမ်းတဲ့နည်းပညာတွေကို အသုံးပြုပြီးအမှုတော်တော်များများကို ဖြေရှင်းခဲ့တာဖြစ်တယ်လို့ တရုတ်အာဏာပိုင်တွေအရ သိရပါတယ်။

Ref: CNN “Chinese couple reunited with abducted son after 14-year search that inspired a hit movie”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top