ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ရော့ဘ်မူလတန်းကျောင်းကို သမ္မတ ဂျိုးဘိုင်ဒင် လာရောက်

30-5-2022-yyl-05.jpg

မေလ ၂၉ ရက်နေ့မှာ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်နဲ့ သမ္မတကတော် ဂျေးလ် ဘိုင်ဒင်တို့ဟာ ယူဗယ်ဒီမြို့က ကျောင်းသား/သူ (၁၉) ဉီးနဲ့ ဆရာမ (၂) ဉီး သေဆုံးခဲ့တဲ့ ရော့ဘ်မူလတန်းကျောင်းကို လာရောက်ခဲ့တဲ့အပြင် ကျန်ရစ်သူမိသားစုတွေကိုလည်း အားပေးနှစ်သိမ့်စကားပြောခဲ့တယ်လို့ သိရပါတယ်။

တက္ကဆက်မြို့တော်ဝင် ဂျော့ဂျ် အက်ဘ်ဘော့တ်လည်း သမ္မတ ဘိုင်ဒင်တို့နဲ့အတူ လိုက်ပါခဲ့ပါတယ်။ သမ္မတ ဘိုင်ဒင်နဲ့ သမ္မတကတော်တို့က ကျောင်းရှေ့မှာ ပန်းစည်းတွေ ချခဲ့ပြီး သမ္မတကတော်က သေဆုံးသူ (၂၁) ဉီးကို ပန်းတွေနဲ့ဂုဏ်ပြုထားတဲ့ လက်ဝါးကပ်တိုင်တွေမှာ ကပ်ထားတဲ့ ကလေးတွေရဲ့ဓာတ်ပုံတွေကိုလည်း ထိကိုင်ခဲ့တာ တွေ့ရပါတယ်။

အဲဒီနောက်မှာ သမ္မတနဲ့သမ္မတကတော်တို့က ဘုရားရှိခိုးကျောင်းတက်သူ ရာပေါင်းများစွာနဲ့အတူ the Sacred Heart ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ပြန်လည်ထွက်ခွာတဲ့အချိန် “တစ်ခုခုလုပ်ပေးပါ”လို့ သံပြိုင်အော်ဟစ်နေကြတဲ့ လူအုပ်ကြီးဆီ သမ္မတ ဘိုင်ဒင်က လျှောက်သွားခဲ့ပြီး “ကျွန်တော်တို့ လုပ်မှာပါ”လို့ ပြန်ပြောခဲ့ပါတယ်။ ကျန်ရစ်သူမိသားစုဝင်တွေနဲ့ အသက်ရှင်လွတ်မြောက်ခဲ့သူတွေဆီကိုလည်း သမ္မတ ဘိုင်ဒင်တို့ သွားရောက်ခဲ့ပါတယ်။

သမ္မတဘိုင်ဒင်ရဲ့ယူဗယ်ဒီမြို့ခရီးစဉ်က အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ပြီးနောက် ဝမ်းနည်းပူဆွေးနေရတဲ့ မိသားစုတွေကို နှစ်သိမ့်ပေးဖို့ နှစ်ပတ်အတွင်း သွားရောက်တဲ့ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပါတယ်။

မေလ ၁၇ ရက်နေ့က သမ္မတ ဘိုင်ဒင်က Tops စူပါမားကတ် ပစ်ခတ်မှုမှာ သေဆုံးခဲ့သူ (၁၂) ဉီးရဲ့မိသားစုဝင်တွေကို တွေ့ဆုံဖို့ ဘတ်ဖလိုမြို့ကိုလည်း လာရောက်ခဲ့ပါတယ်။ စနေနေ့က ဒယ်လာဝဲတက္ကသိုလ်မှာ သမ္မတဘိုင်ဒင် မိန့်ခွန်းပြောကြားခဲ့စဉ်အတွင်း ယူဗယ်ဒီမြို့နဲ့ ဘတ်ဖလိုမြို့ပစ်ခတ်မှုနှစ်ခုလုံးအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။

“အကြမ်းဖက်မှုတွေ များလွန်းတယ်။ ကြောက်လန့်စရာတွေများလွန်းတယ်။ ဝမ်းနည်းပူဆွေးစရာတွေများလွန်းတယ်။ ကျွန်တော်တို့ ဖယ်ရှားပစ်ကြရအောင်။ ဆိုးသွမ်းတဲ့သူတွေက အပြစ်မဲ့တဲ့သူတွေ သေဆုံးခဲ့ရတဲ့ တက္ကဆပ်ပြည်နယ်က မူလတန်းကျောင်းခန်းဆီ၊ နယူးယောက်က ကုန်စုံဆိုင်ဆီ ရောက်လာခဲ့တယ်”လို့ ပြောခဲ့ပါတယ်။

Ref: ABCNews “President Biden, first lady travel to Uvalde to grieve with community after school massacre”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top