Spam Folder ထဲ ဒေါ်လာ ၃ သန်းထီဆုကြီးပေါက်ကြောင်း အကြောင်းကြားတဲ့ အီမေးလ် ရောက်နေခဲ့တဲ့ အမျိုးသမီးတစ်ဉီးရဲ့အဖြစ်

24-2-2022-yyl2.jpg

အီမေးလ်ထဲက Spam Folder ဟာ အသုံးမဝင်တဲ့ မေးလ်တွေအားလုံးစုနေတာမဟုတ်ဘူးဆိုတာကို ဒီဖြစ်ရပ်က သက်သေပြလို့နေပါတယ်။ မီချီဂန်ပြည်နယ်က ‌လောရာ စပီးယားစ် (Laura Spears) ဆိုတဲ့ အမျိုးသမီးတစ်ဉီးဟာ သန်းဆုကြီးပေါက်ကြောင်း အကြောင်းကြားလာတဲ့ အီမေးလ်ကို Spam Folder ထဲမှာ တွေ့ရှိခဲ့ရတဲ့ဖြစ်ရပ်ကို တွေ့ကြုံခဲ့ရတာပါ။

မကြာသေးခင်ကမှ လောရာ စပီးယားစ်က သူ့ရဲ့အီမေးလ် Spam Folder ထဲမှာ ရှိနေတဲ့ ဒေါ်လာ ၃ သန်း ထီဆုကြီးပေါက်တယ်ဆိုတဲ့ အကြောင်းကြားစာကို တွေ့ရှိခဲ့ရပါတယ်။ လောရာက ဒီဇင်ဘာ ၃၁ ရက်နေ့ထွက်ရှိမယ့် ထီဆုကြီးအတွက် Mega Millions ထီလက်မှတ်ကို Michigan Lottery ဝက်ဘ်ဆိုက်မှာ ဝယ်ယူခဲ့ပါတယ်။ သူဟာ ဂဏန်း ၅ လုံးတူတဲ့အတွက် ဒေါ်လာ ၁ သန်းကို ပေါက်ခဲ့တဲ့အပြင် အဲဒီထီဆုကြေးကို ၃ ဆ ရရှိခဲ့ပါတယ်။

လောရာက Mega Millions ထီဆုကြီးက အတော်လေး ကြေးများတယ်ဆိုတာကို ကြော်ငြာကို ဖေ့စ်ဘွတ်ခ်ပေါ်မှာတွေ့ခဲ့ပြီး သူ့ရဲ့အကောင့်နဲ့ ထီလက်မှတ်ကို ဝယ်ဖြစ်ခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတော့ တစ်စုံတစ်ယောက်ဆီက လာတဲ့ အီမေးလ်ကို မတွေ့လို့ ရှာရင်း Spam Folder ထဲကို စစ်ကြည့်မိခဲ့တာပါ။ အဲဒီထဲမှာ ထီပေါက်တယ်ဆိုတဲ့ အီမေးလ်ကို တွေ့ခဲ့ရတာပါပဲ။ သူ အီမေးလ်ဖတ်ကြည့်တော့ မယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။ အဲဒါကြောင့် အီမေးလ်က စာကို အတည်ပြုဖို့အတွက် သူ့ရဲ့ထီအကောင့်နဲ့ log in ဝင်ခဲ့ပါတယ်။ သူ တကယ် ဒေါ်လာ ၃ သန်း ဆုဆွတ်ခူးတယ်ဆိုတာသိရပြီး တအံ့တဩဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကမှ ထီရုံးချုပ်ကနေ ဆုငွေထုတ်ခဲ့တဲ့ လောရာက ဆုငွေတွေကို သူ့မိသားစုနဲ့အတူ ခွဲဝေဖို့စီစဉ်ထားသလို စောစော အငြိမ်းစားယူဖို့လည်း စိတ်ကူးထားတယ်လို့ ဆိုပါတယ်။ ဒီဖြစ်အပျက်ကြုံခဲ့ရတဲ့ လောရာကတော့ အီမေးလ်ထဲက Spam Folder ကို မကြာခဏ စစ်ကြည့်တော့မှာလည်းဖြစ်ပါတယ်။ သူ ကံကောင်းရင်တော့ နောက်ထပ် ထီဆုကြီးပေါက်တယ်ဆိုတဲ့ အီမေးလ်လက်ခံရရှိဖို့အတွက် Michigan Lottery ကို သူ့ရဲ့ Safe Sender List ထဲ ထည့်ထားလိုက်ပြီလို့ လောရာက ပြောခဲ့ပါတယ်။

Ref: CNN “She found a $3 million lottery prize in her spam folder”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top