နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို အမေရိကန် စမ်းသပ်ပစ်လွှတ်

17-8-2022-yyl12.jpg

အမေရိကန်လေတပ်က နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို ပြီးခဲ့တဲ့အင်္ဂါနေ့မှာ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ထိပ်ဖူးတပ်ဆင်ထားခြင်းမရှိတဲ့ Minuteman III တိုက်ချင်းပစ်ဒုံးကျည်ကို ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်လာစေတဲ့ ကိရိယာတပ်ဆင် စမ်းသပ်ခဲ့တာပါ။ ကယ်လီဖိုးနီးယားပြည်နယ် ဗန်ဒင်ဘာ့ဂ် လေတပ်အခြေစိုက်စခန်းကနေ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ မိုင် ၄၂၀၀ အကွာအဝေး ပျံသန်းခဲ့ပြီး မာရှယ်ကျွန်းနားက ဒုံးကျည်စမ်းသပ်ရေးကွင်းအထိ ရောက်ရှိခဲ့ပါတယ်။

အမေရိကန် နျူကလီးယားတပ်ဖွဲ့ရဲ့ အသင့်အနေအထားရှိမှု၊ အမေရိကန် နျူကလီးယားလက်နက်ရဲ့ ထိရောက်မှုကို ပြသခြင်းဖြစ်တယ်လို့ အမေရိကန်လေတပ်က ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေကြောင့် အခုလို စမ်းသပ်ပစ်လွှတ်တာ မဟုတ်ဘဲ ပုံမှန်စမ်းသပ်မှုတစ်ရပ်သာ ဖြစ်ကြောင်း၊ အရင်ကလည်း အကြိမ် ၃၀၀ ကျော် စမ်းသပ်ပစ်လွှတ်ခဲ့ဖူးကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နဂိုက သြဂုတ်လ ၄ ရက်မှာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ဖို့ စီစဉ်ထားတာဖြစ်ပေမဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပါလော့စီရဲ့ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်နိုင်ငံရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်လို့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ဖို့ ဆိုင်းငံ့ခဲ့တာလို့ အမေရိကန်လေတပ် Global Strike ကွပ်ကဲရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဝီလ်ဆန်က ဆိုပါတယ်။

Ref: US Air Force tests nuclear-capable long-range missile

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top