ဟောင်ကောင်မြို့ရဲ့ အထင်ကရရေပေါ်စားသောက်ဆိုင် သင်္ဘောကြီး ပင်လယ်ထဲ နစ်မြုပ်

22-6-2022-yyl07.jpg

ဟောင်ကောင်မြို့ရဲ့ အထင်ကရ ရေပေါ်စားသောက်ဆိုင် Jumbo Kingdom သင်္ဘောကြီးကို ဆွဲသင်္ဘောတွေနဲ့ နေရာရွှေ့ပြောင်းနေစဉ်

ဟောင်ကောင်မြို့ရဲ့ အထင်ကရ ရေပေါ်စားသောက်ဆိုင်ဟာ တောင်တရုတ်ပင်လယ်ထဲက ပါရာဆယ်ကျွန်းစုအနီးမှာ နစ်မြုပ်သွားခဲ့ပါတယ်။ Jumbo Kingdom စားသောက်ဆိုင်ဟာ ၃ ထပ်သင်္ဘောကို တရုတ်နန်းတော်ပုံစံ မွမ်းမံပြင်ဆင်ထားတာဖြစ်ပြီး ၁၉၇၆ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာပါ။

ဗြိတိန်ဘုရင်မကြီး အဲလိစဘတ်(၂)၊ အမေရိကန်သမ္မတ ဂျင်မီကာတာ၊ ဟောလိဝုဒ်မင်းသား တွမ်ခရုစ် တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ လာရောက်စားသောက်ခဲ့ဖူးပြီး ဘရုစ်လီ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Enter the Dragon ဇာတ်ကား၊ The Man with the Golden Gun ဂျိမ်းစ်ဘွန်းဇာတ်ကားတွေကိုလည်း အဲဒီနေရာမှာ ရိုက်ကူးခဲ့ဖူးပါတယ်။

ဟောင်ကောင်မြို့ရဲ့ အထင်ကရ ရေပေါ်စားသောက်ဆိုင် Jumbo Kingdom သင်္ဘောကြီးကို ဆွဲသင်္ဘောတွေနဲ့ နေရာရွှေ့ပြောင်းနေစဉ်

ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက ရေပေါ်စားသောက်ဆိုင်ကို ပိတ်ထားခဲ့ရတာပါ။ ဒီစားသောက်ဆိုင်ကို ဝယ်ယူမယ့် ပိုင်ရှင်သစ်ကို စောင့်ဆိုင်းနေတုန်း မဖော်ပြတဲ့နေရာတစ်ခုမှာ ရွှေ့ထားဖို့ စီစဉ်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့စနေနေ့က ရေပေါ်စားသောက်ဆိုင် သင်္ဘောကြီးကို ဆွဲသင်္ဘောတွေနဲ့ နေရာရွှေ့ခဲ့ရာမှာ တောင်တရုတ်ပင်လယ်ပြင်အတွင်း တိမ်းမှောက်နစ်မြုပ်သွားခဲ့တာပါ။ ရေအောက်အနက် မီတာ ၁၀၀၀ ကျော်မှာ နစ်မြုပ်သွားတာဖြစ်လို့ ပြန်လည်ဆယ်ယူဖို့ အရမ်းခက်ခဲမယ်လို့ ဆိုပါတယ်။

ဗြိတိန်ဘုရင်မကြီး အဲလိစဘတ်(၂)၊ အမေရိကန်သမ္မတ ဂျင်မီကာတာ၊ ဟောလိဝုဒ်မင်းသား တွမ်ခရုစ်တို့အပါအဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ လာခဲ့ဖူးတဲ့နေရာ

ဒီဖြစ်ရပ်မှာ လူတစ်ဦးတစ်ယောက်မျှတော့ ဒဏ်ရာရခဲ့ခြင်းမရှိပါဘူး။ ဟောင်ကောင်မြို့ရဲ့ အထင်ကရအရာတစ်ခု အခုလို အဆုံးသတ်သွားခဲ့ရတဲ့အပေါ် မြို့ခံလူထုက အလိုမကျဖြစ်နေကြပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ထားပါတယ်။ အဲဒီနောက်မှာတော့ ဟောင်ကောင်အစိုးရက သင်္ဘောတိမ်းမှောက်နစ်မြုပ်သွားရတဲ့ အသေးစိတ်အချက်အလက်တွေကို အစီရင်ခံဖို့ ပိုင်ရှင်ကုမ္ပဏီထံ အကြောင်းကြားထားပါတယ်။

Ref: BBC & CNN

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top