ကလေးလေးတစ်ဉီးကို Spider-Man ရိုက်ကွင်းဆီ လာလည်ခိုင်းမယ်ဆိုတဲ့ ကတိ တည်ပေးခဲ့တဲ့ တွမ်ဟော်လန်

22.12.2021yyl6.png

လက်ရှိရုံတင်ပြသနေတဲ့ Spider-Man: No Way Home ရဲ့ ပင့်ကူလူသားဇာတ်ကောင် တွမ်ဟော်လန်ကတော့ ကတိတည်တဲ့လူတစ်ယောက်ပါပဲ။ သူဟာ ကောင်လေးတစ်ယောက်ကို Spider-Man: No Way Home ရိုက်ကွင်းကို လာလည်နိုင်တယ်ဆိုတဲ့ ကတိကို ပေးခဲ့ဖူးပါတယ်။ အဲဒီကတိကို တည်ပေးခဲ့ပြီး ရိုက်ကွင်းဆီ လာလည်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

တွမ်ဟော်လန်ကတိပေးခဲ့တဲ့ ကောင်လေးကို စာဖတ်ပရိသတ်တွေ မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီကောင်လေးဟာ ၂၀၂၀ခုနှစ်က ခွေးကိုက်ခံရတော့မယ့် သူ့ညီမလေးကို ဒဏ်ရာအရခံပြီး ကယ်တင်ပေးခဲ့တဲ့ ဘရစ်ဂါ ဝေါ့ကာ ဆိုတဲ့ ကလေးလေးပါပဲ။ အဲဒီတုန်းက ဘရစ်ဂါဟာ အသက် ၆ နှစ်ပါ။ အဲဒီမတော်တဆမှုကို ပြန်ပြောပြရရင် ၂၀၂၀ခုနှစ် ဇူလိုင်လ (၉) ရက်နေ့က အသက် (၄) နှစ်အရွယ် သူ့ရဲ့ညီမလေးကို ဂျာမန်သိုးထိန်းခွေးတစ်ကောင်က ထိခိုက်နာကျင်အောင်လုပ်မယ့်အချိန်ဘရစ်ဂါက ဝင်ကာကွယ်ပေးခဲ့တာပါ။ သူ့ညီမကို ကာကွယ်ပေးပြီး ကယ်တင်ခဲ့လို့ ဘရစ်ဂါက အဲဒီခွေးရဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံခဲ့ရပါတယ်။ ခွေးကိုက်လို့ရခဲ့တဲ့ ပါးက ဒဏ်ရာကို (၂) နာရီကြာ ခွဲစိပ်ကုသမှုလုပ်ခဲ့ရပြီး အချက် ၉၀ ကျော်ချုပ်ခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက အန်း ဟသာဝေး (Anne Hathaway)၊ ခရစ် အီဗန် (Chris Evans)၊ မက်ခ် ရက်ဖ်ဖလို (Mark Ruffalo)၊ တွမ်ဟော်လန် (Tom Holland) တို့လို နာမည်ကြီးသရုပ်ဆောင်တွေက ဘရစ်ဂါရဲ့သတ္တိရှိမှုအပေါ် စာတွေပို့ကာ ချီးမွှမ်းစကားဆိုခဲ့ကြပါတယ်။ တွမ်ဟော်လန်က ပင့်ကူလူသားပုံစံမျိုးလုပ်ဖို့အတွက် ဘရစ်ဂါကို ရိုက်ကွင်းဆီလာလို့ရတယ်လို့လည်း ပြောခဲ့ပါတယ်။

တွမ်ဟော်လန် ကတိတည်တဲ့အကြောင်းကို ဘရစ်ဂါရဲ့ ဖခင်က ရိုက်ကွင်းသွားလည်တဲ့ ဗီဒီယိုနဲ့ ပုံတွေကို အင်စတာဂရမ်မှာ မျှဝေပေးခဲ့ပါတယ်။ ဘရစ်ဂါကို ပင့်ကူလူသားဝတ်စုံဝတ်ဆင်ထားတဲ့ တွမ်ဟော်လန်နဲ့အတူ စတန့်တစ်ခုလုပ်နေတာကိုလည်း ဗီဒီယိုမှာ မြင်တွေ့ခဲ့ရပါတယ်။ ဘရစ်ဂါရဲ့မိသားစုနဲ့လည်း ဓာတ်ပုံတွေရိုက်ခဲ့ကြပါသေးတယ်။

တွမ်ဟော်လန်က ဘရစ်ဂါနဲ့ သူ့မိသားစုကို Spider-Man: No Way Home ရိုက်ကွင်းဆီ သူကိုယ်တိုင် ကြိုဆိုခဲ့တာပါ။ ပင့်ကူလူသားလို ဘယ်လို Pose ပေးရလဲဆိုတာကိုလည်း ဘရစ်ဂါကို လုပ်ပြခဲ့ပြီး အတူတူ Pose ပေးခဲ့ကြပါတယ်။ မင်းသမီး ဇန်ဒါယာ (Zendaya) လည်း ရိုက်ကွင်းမှာ ရှိနေခဲ့ပါတယ်။

Video 1


Video 2

Ref: CNN “Tom Holland makes good on his promise to boy who saved his sister from dog attack”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top