သမီးကျောင်းလခမပေးနိုင်သူအဖြစ်မှသည် ကမ္ဘာကျော်စွန့်ဦးတီထွင်သူအဖြစ်ဆီသို့

29-11-2021yyl1.jpg

သမီးရဲ့ ကျောင်းလခပေးဖို့ ဘဏ်အကောင့်ထဲမှာ ၆ ဒေါ်လာတောင် မကျန်တော့ဘူးဆိုတာ သိလိုက်ရချိန်မှာ ဘဝကို လက်မြှောက်အရှုံးပေးဖို့ မဖြစ်ဘူးဆိုတာ သူ နားလည်သွားတယ်။ မအောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုက ဂျိုနသန်ကွက်ရဲ့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့တာပါ။ ၂၀၁၀ ပြည့်နှစ်အစောပိုင်းမှာ ဂျိုနသန်ကွက်က ပညာရေးဆိုင်ရာ နည်းပညာပလက်ဖောင်းတစ်ခုမှာ သူ့ပိုင်ဆိုင်မှုအားလုံးကို ရင်းနှီးမြှုပ်နှံခဲ့တယ်။ ဒါပေမဲ့ အဲဒီလုပ်ငန်းက မအောင်မြင်ခဲ့ဘူး။ အဲဒီတော့ သူ့မှာ ငွေကြေး ဆုံးရှုံးရတဲ့အပြင် စိတ်ကျရောဂါပါ စွဲကပ်သွားတယ်။

အရင်လို တက်တက်ကြွကြွ မရှိတော့ဘူး။ များသောအားဖြင့် အိပ်ရာထဲမှာပဲ သူ ခွေနေတယ်။ သူ့မိန်းမ စုဆောင်းထားတာလေးတွေကို ထိုင်စားနေရတဲ့အဖြစ် ရောက်သွားတာပေါ့။ ဒါပေမဲ့ သမီးလေး ကျောင်းစရိတ်တောင် မပေးနိုင်တော့ပါလားလို့ သိလိုက်ရချိန်မှာ ဂျိုနသန်ကွက်က အလုပ် တစ်ခုခု လုပ်ရတော့မယ်ဆိုတာ နားလည်သွားတယ်။ ဒါဟာ သန့်ရှင်းရေးနည်းပညာကုမ္ပဏီ Globotix ကို စတင်ဖြစ်တည်လာစေခဲ့တဲ့ အကြောင်းရင်းပါပဲ။ သန့်ရှင်းရေးလုပ်ငန်းမှာ လူသားအရင်းအမြစ် ရှားပါးလာတာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ်မှာ ဂျိုနသန်က Globotix ကို တည်ထောင်ခဲ့တာပါ။ ဒါပေမဲ့ လွယ်လွယ်လေး အောင်မြင်လာခဲ့တာတော့ မဟုတ်ဘူး။

သန့်ရှင်းရေးစက်ရုပ်တွေ ဘယ်လို အလုပ်လုပ်လဲဆိုတာ လေ့လာရတယ်။ အဲဒီစက်ရုပ်တွေကို ဘယ်လိုထိန်းသိမ်းရမလဲ၊ ပြင်ဆင်ရမလဲဆိုတာ လေ့လာရတယ်။ တစ်လောကလုံး အိပ်မောကျနေချိန်မှာလည်း သူ မအိပ်နိုင်ခဲ့ဘူး။ သူက သန့်ရှင်းရေးနည်းပညာလောကထဲကို အစိမ်းသက်သက် ဝင်လာခဲ့သူဆိုတော့ သူများထက် ပိုပင်ပန်းတာပေါ့။ စိတ်ကျရောဂါအခံနဲ့ မကျွမ်းကျင်မှုက သူ့ကို အတားအဆီး ဖြစ်စေခဲ့တယ်။ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို သူ့လုပ်ငန်းအကြောင်း ရှင်းလင်းတင်ပြရတဲ့အခါ သူ့မှာ ချွေးစေးတွေ ပြန်လို့၊ အသက်ရှူမမှန်အောင် ဖြစ်ရတယ်။

ဒါပေမဲ့ ဂျိုနသန် ဘယ်လိုအခက်အခဲတွေ ကြုံကြုံ၊ သူ့နောက်ကွယ်မှာ တစိုက်မတ်မတ် အားပေးနေလေ့ရှိသူက သူ့ဇနီးပါပဲ။ သူ့ရဲ့စိုးရိမ်စိတ်တွေကို အစဉ်အမြဲ ဖြေဖျောက်ပေးသူလေ။ သန့်ရှင်းရေးနည်းပညာလုပ်ငန်းမှာ စက်ရုပ်တွေကို အသုံးပြုနိုင်ဖို့ ၂ နှစ်ကြာအောင် မနားမနေ စမ်းသပ် လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာတော့ Globotix က တဟုန်ထိုး အောင်မြင်သွားခဲ့တယ်။ Globotix ရဲ့ သန့်ရှင်းရေးစက်ရုပ်တွေကို ချန်ဂီလေဆိပ်မှာ အသုံးပြုဖို့ Changi Airport Group နဲ့ ဒေါ်လာသန်းချီတန် စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်။ Globotix ရဲ့ သန့်ရှင်းရေးစက်ရုပ်တွေကို စင်ကာပူအပါအဝင် အာဆီယံနိုင်ငံတွေက ဝန်ကြီးတွေ၊ ဂျပန်နဲ့ ပြင်သစ်နိုင်ငံက သံတမန်တွေကို မိတ်ဆက်ပြသနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခုလည်း ရရှိခဲ့တယ်။

ဒီနေ့အချိန်မှာတော့ Globotix က သန့်ရှင်းရေးနည်းပညာလုပ်ငန်းမှာ ဈေးကွက်ဦးဆောင်သူနေရာ ရယူထားနိုင်ပါပြီ။ စင်ကာပူနိုင်ငံမှာ သန့်ရှင်းရေးစက်ရုပ်တွေ အသုံးပြု၊ ဖြန့်ဖြူးပြီး သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာမှာလည်း Globotix က ဦးဦးဖျားဖျား ဖြစ်ခဲ့ပါတယ်။

အောင်မြင်မှုတွေ ရလာပြီးနောက်မှာတော့ Globotix ကုမ္ပဏီ ကြီးထွားလာခဲ့ပြီး အိမ်သန့်ရှင်းရေးစက်ရုပ်တွေ တီထွင်ပေးဖို့ အင်ဂျင်နီယာအဖွဲ့ သီးသန့်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ Globotix ကုမ္ပဏီ အောင်မြင်လာပေမဲ့ ဂျိုနသန်ကတော့ သူ့ရဲ့ စိတ်ကျရောဂါကို ကုစားနေရဆဲပါပဲ။ ဒါပေမဲ့ သူ့အကြောင်းကို ထုတ်ပြောလိုက်ခြင်းအားဖြင့် စွန့်ဦးတီထွင်လောကမှာ အောင်မြင်မှုမရသေးဘဲ ရုန်းကန်နေရသူတွေ အားတက်လာစေလိမ့်မယ်လို့ ဂျိုနသန်က မျှော်လင့်နေပါတယ်။

Ref: The Independent.sg “6 years ago, he couldn’t even pay $6 for his daughter’s school fees — now he’s the CEO of leading startup in smart cleaning technology”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top