ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်ရဲ့ရောဂါလက္ခဏာတွေက ဘာတွေဖြစ်မလဲ

23.12.2021yyl9.png

တချို့နိုင်ငံတွေမှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကူးစက်မှုတွေရှိလာတဲ့အတွက် စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ နိုင်ငံ (၇၇) နိုင်ငံမှာ အိုမီခရွန်မျိုးကွဲသစ်ကူးစက်ခံထားရတဲ့ အတည်ပြုလူနာတွေ တွေ့ရှိထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အရ သိရပါတယ်။ ဒါတောင် ကူးစက်ခံရပြီး ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့ နိုင်ငံတွေရှိနေနိုင်ပါသေးတယ်။

ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်က အရင်ကိုဗစ်ရောဂါလို လက္ခဏာရပ်တွေဖြစ်နိုင်ခြေနည်းပါတယ်။ အိုမီခရွန်ရောဂါခံစားနေရတဲ့လူနာတွေက အနံ့ပျောက်တာ၊ အရသာပျောက်တာလို လက္ခဏာတွေမပြဘူးလို့ South African Medical Association ရဲ့ ဉက္ကဌ ဒေါက်တာ Angelique Coetzee က ဆိုပါတယ်။ ဒါ့အပြင် ကူးစက်ခံထားရတဲ့အိုမီခရွန်လူနာတွေကြားမှာ နှာပိတ်တာ၊ ကိုယ်အပူချိန်ပြင်းတာမျိုးတွေလည်း မရှိဘူးလို့ သိရပါတယ်။

UK ရဲ့ ZOE ကိုဗစ်လေ့လာမှုအက်ပလီးကေးရှင်းရဲ့အကြီးအကဲပါမောက္ခ Tim Spector ကလည်း အခုဆိုရင် ဖျားတာ၊ ချောင်းဆိုးတာ၊ အနံ့ပျောက်တာတွေလို ရောဂါလက္ခဏာတွေ ဖြစ်တာအနည်းအကျဉ်းပါပဲလို့ မီးမောင်းထိုးပြခဲ့ပါတယ်။ “လူအများစုက အရင်ကိုဗစ်လက္ခဏာရပ်တွေ မဖြစ်ကြဘူး” လို့ ဆိုပါတယ်။

ကိုဗစ်မျိုးကွဲသစ်အိုမီခရွန်က သာမန်အအေးမိတာမျိုးလို လက္ခဏာရပ်တွေ ဖြစ်ပေါ်စေပါတယ်။ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ နှာစေးတာ၊ ပင်ပန်းနွမ်းလျတာနဲ့ မကြာခဏနှာချေတာတွေက တုပ်ကွေး (သို့) အအေးမိတဲ့အခါ ခံစားရပါတယ်။ ပါမောက္ခ Spector က ဒီလက္ခဏာတွေရှိတဲ့လူတိုင်းက ချက်ချင်း ရောဂါစစ်ဆေးစမ်းသပ်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။ Spector က အအေးမိတဲ့ လက္ခဏာရပ်တွေခံစားရရင် အအေးမိတာထက် ကိုဗစ်ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

သာမန်အအေးမိတာမျိုးတွေက အခုလိုအေးမြတဲ့ဆောင်းရာသီမှာအဖြစ်များကြပါတယ်။ ဒါပေမဲ့ အိုမီခရွန်ရဲ့ရောဂါလက္ခဏာက အအေးမိတာနဲ့ဆင်တူတဲ့အတွက် ဂရုစိုက်ဖို့ လိုပါတဘ်။ အအေးမိတဲ့လက္ခဏတွေက ထင်ထားတာထက် ပိုမို ပြင်းထန်နိုင်ပါတယ်။ သာမန်အအေးမိဖျားနာတာလား (ဒါမှမဟုတ်) ကိုဗစ်ရောဂါလားဆိုတာ သိရဖို့ အကောင်းဆုံးနည်းလမ်းက RT-PCR ကတဆင့် ရောဂါစစ်ဆေးကြည့်တာပါပဲ။ ရောဂါပိုးပျံ့နှံ့တာထိန်းချုပ်နိုင်ဖို့အတွက် အခုအချိန် အအေးမိဖျားနာတာ၊ တုပ်ကွေးဖြစ်တာလို ရောဂါလက္ခဏာတွေရှိလာရင် ကိုဗစ်ရောဂါပိုးစစ်ဆေးကြည့်ဖို့နဲ့ ရိုးရိုးဖျားတာလား ကိုဗစ်လားဆိုတာ သေချာမသိရသေးခင်ထိ အိမ်ထဲမှာ နေဖို့ ပါမောက္ခ Spector က အကြံပြုထားပါတယ်။ Self-Quarantine လုပ်တာက သင့်အနီးနားက လူတွေ ဘေးကင်းဖို့အတွက် ကာကွယ်တဲ့နည်းလမ်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အိုမီခရွန်က အရမ်းမပြင်းထန်ဘူးလို့ပြောကြပေမဲ့ ဂရုမစိုက်ဘဲ သတိလက်လွှတ်နေဖို့ ဆိုလိုတာမဟုတ်ပါဘူး။ အိုမီခရွန်က အရင်ကိုဗစ်မျိုးကွဲနဲ့မတူဘဲ မကြုံစဖူးနှုန်းနဲ့ ကူးစက်ပျံ့နှံ့နေတယ်လို့ WHO က ဆိုထားပါတယ်။ အိုမီခရွန်ကူးစက်ခံရသူအများစုက ရောဂါမပြင်းထန်ပေမဲ့ UK မှာ အိုမီခရွန်နဲ့ သေဆုံးတဲ့သူ တစ်ယောက်ရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။ ဒါကြောင့် ပေါ့ပေါ့ဆဆမနေဘဲ ကူးစက်မြန်အိုမီခရွန်ကူးစက်မခံရအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ကိုဗစ်စည်းမျဉ်းတွေ ဆက်ပြီး လိုက်နာကြဖို့ အရေးကြီးပါတယ်။

Ref: Coronavirus Symptoms: Signs You Most Likely Have Omicron And Not Regular Cold

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top