၂၀၂၀ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ပြန်လည်ကျင့်သုံးဖို့ ရုရှားနဲ့ ယူကရိန်း သဘောတူညီ

russia.jpg

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ၂၀၂၀ အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ပြန်လည်ကျင့်သုံးဖို့ ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (OSCE)က စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့စာချုပ်ဟာ တင်းမာမှုလျှော့ချရေးအတွက် ပထမခြေလှမ်း ဖြစ်တယ်လို့ ယူကရိန်းသမ္မတရုံးအကြီးအကဲ အန်ဒရီယာမက်က ပြောပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ တင်းမာမှုမြင့်တက်နေချိန်အတွင်း အခုလို သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။ ရုရှားနိုင်ငံက ယူကရိန်းနယ်စပ်ကို စစ်သည်အင်အား ၁ သိန်း စေလွှတ်ထားတယ်လို့ ယူကရိန်းနဲ့ အနောက်အုပ်စုက ပြောပါတယ်။ အနောက်အုပ်စုက ကျူးကျော်ရန်စရေးလမ်းကြောင်းကို ဆက်လျှောက်မယ်ဆိုရင် ခိုင်မာပြတ်သားတဲ့ စစ်ရေး-နည်းပညာတုံ့ပြန်လှုပ်ရှားမှုတွေ လုပ်သွားမယ်လို့ အခုတစ်ပတ်အတွင်းမှာ ရုရှားသမ္မတ ပူတင်က ခြိမ်းခြောက်ခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်မယ့်အစီအစဉ်မရှိဘူးလို့ ရုရှားအရာရှိတွေက ဆိုခဲ့ပေမဲ့ ဒီဇင်ဘာလ ၂၃၊ ၂၄ ရက်နေ့တွေအတွင်း ယူကရိန်းအရှေ့ပိုင်းမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ရုရှားစစ်သည်တွေရဲ့ လှုပ်ရှားမှုကို သတိထားစောင့်ကြည့်နေတယ်လို့ ဂျာမနီနိုင်ငံက ပြောခဲ့ပြီး ပဋိပက္ခမဖြစ်အောင် တင်းမာမှုလျှော့ချဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီလို့ ဆိုပါတယ်။

နေတိုးအဖွဲ့က ဥရောပအရှေ့ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတာတွေကို အဆုံးသတ်ပြီး ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်မပြုဖို့ အာမခံချက်ပေးရမယ်လို့ ရုရှားနိုင်ငံက တောင်းဆိုထားပါတယ်။ ရုရှားက လာတဲ့ သတင်းတွေအရ လာမယ့်လအတွင်း ဆွေးနွေးမှုလုပ်ဖို့ အမေရိကန်က ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

ယူကရိန်းနိုင်ငံကို အရှေ့ပိုင်းကို သိမ်းပိုက်ထားပြီး ရုရှားနိုင်ငံရဲ့ ထောက်ပံ့မှုရရှိထားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားနေတာ ၇ နှစ်ကြာမြင့်နေပါပြီ။ အဲဒီကာလအတွင်း လူ ၁၄၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ပဋိပက္ခ အဆုံးသတ်ဖို့အတွက် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပေမဲ့ နောက်ပိုင်းမှာ ချိုးဖောက်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ ယူကရိန်းနယ်စပ်ကနေ ၁၂၅ မိုင်အကွာအဝေးအတွင်း စစ်သည် ၁၂၂၀၀၀ စေလွှတ်ထားပြီး မိုင် ၂၅၀ အတွင်းမှာ နောက်ထပ်စစ်သည် ၁၄၃၅၀၀ ကို စခန်းချခိုင်းထားတယ်လို့ ယူကရိန်းနိုင်ငံ ကာကွယ်ရေးအရာရှိတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ရုရှား၊ ယူကရိန်းနဲ့ ခွဲထွက်ရေးလက်နက်ကိုင်တွေက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပြန်လည်ကျင့်သုံးဖို့ သဘောတူညီခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာတော့ ခွဲထွက်ရေးလက်နက်ကိုင်တွေက သဘောတူညီချက်ကို ချိုးဖောက်မှု တစ်စုံတရာ မလုပ်ခဲ့ဘူးလို့ ယူကရိန်းတပ်ပေါင်းစုက ပြောပါတယ်။

Ref: BBC “Russia-Ukraine crisis: Kyiv hopes truce will bring down war tensions”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top