တစ်နှစ်တည်း မြေးမလေးနဲ့ အတူတူဘွဲ့ယူခဲ့တဲ့ အသက် ၈၇ နှစ် အဘိုးအို

23.12.2021yyl13.jpg

အသက် ၈၇ နှစ် အရွယ် ရီနီ နိုင်ရာ (Rene Neira) ဆိုတဲ့ အဘိုးအိုဟာ ၁၉၅၀ခုနှစ်ကတည်းက ကောလိပ်ဘွဲ့ရအောင်ယူဖို့ ကြိုးစားနေခဲ့တာပါ။ အလုပ်နဲ့မိသားစုက ပထမဉီးစားပေးဖြစ်လာတဲ့အတွက် အဘိုးရီနီက ကျောင်းတက်လိုက် မတက်လိုက်ဖြစ်ပြီး ဘွဲ့မယူနိုင်ခဲ့ပါဘူး။ ဆယ်စုနှစ်များစွာကြာပြီးနောက် အခုနှစ်မှာတော့ ကောလိပ်ကနေ ဘွဲ့ယူနိုင်ခဲ့ပါပြီ။

၁၉၅၀ ပြည့်နှစ်မှာ အဘိုးရီနီက ကျောင်းစတက်ခဲ့တယ်။ အဲဒီနောက် မကြာခင်မှာ ချစ်မြတ်နိုးရသူနဲ့တွေ့ပြီး မိသားစုတစ်ခုတည်ထောင်ခဲ့တယ်။ အဲဒီနောက် ၁၉၈၀၊ ၁၉၉၀၊ ၂၀၀၀ပြည့်နှစ်တွေမှာ ကျောင်းပြန်တက်တယ်။ အဲဒီလို ကျောင်းတက်လိုက် မတက်လိုက်နဲ့ ထပ်ပြီး ကျောင်းပြန်တက်တော့ မြေးမလေး မီလာနီ ဆာလာဇာ ( Melanie Salazar) နဲ့ တစ်နှစ်တည်းအတူတူဖြစ်ခဲ့တယ်လို့ မီလာနီအရ ပြောစကားအရ သိရပါတယ်။

၂၀၁၆ခုနှစ် အဘိုးရီနီက အသက် ၈၂ အရွယ်မှာ သူ့ရဲ့မြေးမလေးတက်တဲ့ ကျောင်း Palo Alto College မှာ ကျောင်းအပ်ခဲ့ပါတယ်။ မြေးအဘိုးနှစ်ယောက်လုံး တစ်ချိန်တည်း သက်ဆိုင်ရာဘွဲ့တွေကို ရရှိခဲ့ကြပါတယ်။ အဲဒီနောက် ထပ်ပြီး နောက်ထပ်ကျောင်းတစ်ကျောင်းတည်း အတူတူတက်ခဲ့ကြပါတယ်။ အခုတစ်ခါမှာတော့ University of Texas San Antonio မှာပါ။ မြေးအဘိုးနှစ်ယောက်က ယူတဲ့မေဂျာမတူတဲ့အတွက် အတန်း အတူတူမတက်ခဲ့ရပေမဲ့ ကျောင်းကန်တင်းမှာ နေ့လည်စာအတူတူစားဖြစ်ကြတဲ့အချိန်တွေရှိခဲ့တယ်။ တစ်ခါတလေ စာကြည့်တိုက်မှာ စာလေ့လာဖြစ်ကြတယ်လို့ မီလာနီက ပြောပါတယ်။

အဘိုးရီနီက စီးပွားရေးမေဂျာဖြစ်ပြီး မြေးမလေးမီလာနီက ဆက်သွယ်ရေးမေဂျာဖြစ်ပါတယ်။ မီလာနီအတွက် အဘိုးဖြစ်ပေမဲ့ တချို့ကျောင်းသား/သူတွေအတွက် အတန်းဖော်ပါပဲ။ အဘိုးရီနီရဲ့ပါမောက္ခတွေက သူ့ထက် ကွဲပြားတဲ့အမြင်တွေရှိနေရင် ပြောစရာတစ်ခုခုအမြဲရှိလာပြီး မြေးမလေး ရီနီကို မျှဝေလေ့ရှိတယ်လို့ သိရပါတယ်။ အတန်းဖော်တွေက အဘိုးရီနီကို မြင်ရတာ စိတ်ဓာတ်ခွန်အားဖြစ်စေတယ်လို့ မီလာနီက ဆိုပါတယ်။

အဘိုးရီနီ ကောလိပ်တက်တဲ့နှစ်တွေမှာ စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ အရမ်းကြိုးစားခဲ့ရတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့နှစ်တွေမှာ အကြားအာရုံဆုံးရှုံးတာ၊ ကားမစီးရတဲ့ အခြေအနေတွေဖြတ်သန်းရတာ၊ လေဖြတ်ရောဂါကြောင့် ဆေးခွင့်ယူခဲ့ရတဲ့ စာသင်နှစ်တစ်နှစ်ရှိခဲ့တယ်။ အဲဒီစာသင်နှစ်ကို ကျောင်းပြန်မတက်နိုင်ခဲ့ဘူး။ အဲဒီနောက် ကပ်ရောဂါစတင်ခဲ့တယ်။ ကျောင်းတက်ဖို့ အခက်အခဲအတားအဆီးတွေရှိခဲ့တယ်လို့ မီလာနီက ဆိုပါတယ်။

အဘိုးရီနီက ဘွဲ့ရဖို့ ပြည့်မီတဲ့ အမှတ်တွေကို မရခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့မိသားစုနဲ့ မြေးမလေးတို့က သူ့ရဲ့ကြိုးစားအားထုတ်မှုကို တစ်နည်းနည်းနဲ့ အသိအမှတ်ပြုဂုဏ်ပြုပေးဖို့ တက္ကသိုလ်ကို တောင်းဆိုခဲ့ပါတယ်။ ဘွဲ့အခမ်းအနားမတိုင်ခင် တစ်ပတ်အလိုမှာ ကျောင်းက အဘိုးရီနီကို အသိအမှတ်ပြုဘွဲ့တစ်ခုပေးတယ်ဆိုတာကို မီလာနီ သိခဲ့ရပါတယ်။ ဒါကြောင့် အဘိုးရီနီက သူ့မြေးလေးနဲ့အတူ ဘွဲ့တက်ယူနိုင်ခဲ့ပါတယ်။ မီလာနီက အဘိုးရီနီရဲ့ဝှီးချဲကို တွန်းပြီး ဘွဲ့အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

“အဘိုးလုပ်နိုင်ခဲ့ပြီ။ သမီးတို့လုပ်နိုင်ခဲ့ပြီ။ ကောလိပ်လည်း ပြီးသွားပြီ။ အဘိုးလုပ်နိုင်ခဲ့ပြီလို့ ကျွန်မပြောနေခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့အဘိုးက အဲဒီအချိန်မှာ အတော်လေးပင်ပန်းနေပြီး ငါ ဘာကို လုပ်နိုင်ခဲ့တာလဲလို့ မေးတယ်။ ဒါက ထူးခြားတဲ့အခိုက်အတန့်ဖြစ်တဲ့အတွက် အဘိုး ဘွဲ့ယူနိုင်ခဲ့ပြီလို့ ပြောနိုင်ခဲ့တယ်။ အဘိုးဘွဲ့ယူရတော့မှာဖြစ်တဲ့အတွက် ကျွန်မရဲ့အဘိုးအတွက် ဂုဏ်ယူတယ်” လို့ မီလာနီက ဆိုပါတယ်။

ဘွဲ့နှင်းသဘင်အခမ်းအနားအပြီး ရက်အနည်းငယ်အကြာမှာ အဘိုး ရီနီက အသက် ၈၈ နှစ်ပြည့်သွားခဲ့ပါတယ်။ သူ့ရဲ့အဘိုးနဲ့ ထိုက်တန်တဲ့ဘွဲ့ကို ချီးမြှင့်ခံရတာက အံ့ဖွယ်တစ်ခုလို ခံစားရတယ်လို့ မီလာနီက ဆိုပါတယ်။ “ဘဝစာမျက်နှာတစ်ခုရဲ့အဆုံးသတ်ကို မြင်ရတာ လှပပါတယ်။ အဘိုးမသေဆုံးခင်၊ အဘိုးမကွယ်လွန်ခင် ၁၉၅၀ ပြည့်နှစ်ကတည်းက ကြိုးစားလာခဲ့တဲ့အတိုင်း ဒီစင်မြင့်ထက်ကို လျှောက်လှမ်းနိုင်ခဲ့ပါပြီ” လို့ မီလာနီက ပြောခဲ့ပါတယ်။

Ref: CBSNews “87-year-old working toward college degree since the 1950s crosses graduation stage with granddaughter”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top