အေးခဲနေတဲ့ ကန်ထဲ ပြုတ်ကျသွားတဲ့ ကလေး (၃) ဉီးကို ဟီးရိုးဆန်ဆန် ခုန်ဆင်းကယ်တင်ခဲ့တဲ့ အမျိုးသမီး

herogirl0.png

ကော်လိုရာဒိုပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အေးခဲနေတဲ့ကန်တဲ့ ပြုတ်ကျသွားတဲ့ ကလေး (၃) ဉီးကို အမျိုးသမီးတစ်ဉီး က ဟီးရိုးဆန်ဆန်ကယ်တင်ခဲ့တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ကလေး (၄) ဉီးက အေးခဲနေတဲ့ကန်တစ်ခုပေါ်မှာ ကစားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကလေး (၄) ထဲက (၃) ဉီးက ရေခဲ ကျွံကျသွားခဲ့ပြီး ရေထဲနှစ်သွားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ အနီးနားမှာရှိနေတဲ့ ကယ်တင်ရှင်တစ်ဉီးက အချိန်မနှောင်းခင် ကလေးတွေကို ကယ်တင်ခဲ့ပါတယ်။

ကယ်တင်ရှင်ကတော့ အသက် ၂၃ နှစ်အရွယ် ဒက်တီ တာလာဗီယာ (Dusti Talavera) ဆိုသူအမျိုးသမီးပါပဲ။ ဒက်တီက သူ့ရဲ့တိုက်ခန်းပြတင်းပေါက်ကနေ လှမ်း ကြည့်နေရင်း ကလေးတွေ အေးခဲနေတဲ့ကန်ထဲ ကျသွားတာကို မြင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးတွေ ရေထဲကျနေတာမြင်တော့ တွန့်ဆုတ်နှောင့်နှေးမနေဘဲ  ၁၅ ပေနက်တဲ့ ရေကန်ဆီ အပြေးအလွှားသွားခဲ့တယ်လို့ ဒက်တီက ပြောပါတယ်။ “ကျွန်မ ရေကန်ဆီရောက်သွားပြီး ကလေး (၂) ဉီးကို ဘယ်လို ဆွဲထုတ်ကယ်တင်လိုက်မှန်းတောင်မသိလိုက်ဘူး။ ကျွန်မ သတိဝင်လာကတော့ တတိယကလေးကို ကယ်ဖို့ ရေကန်ထဲ ခုန်ဆင်းခဲ့တဲ့အချိန်မှာ”လို့ ဒက်တီဟာ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ကလေး (၂) ဉီးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ပြီးနောက် (၆) နှစ်အရွယ် ကလေးကိုတော့ အပေါ်ဆွဲတင်ခဲ့ပေမဲ့ အပြင်းအထန်ကြိုးပမ်းခဲ့ရတယ်။ အဲဒီအချိန်မှာ (၆) နှစ်အရွယ်ကလေးရဲ့ဝမ်းကွဲအစ်ကိုဖြစ်တဲ့ အသက် ၁၆ နှစ်ကောင်လေးက ရေကန်ထဲ ခုန်းဆင်ပြီး ကူညီပေးခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာကို တာဝန်ရှိသူတွေ အပြေးအလွှားရောက်လာတဲ့အချိန် ကလေး (၃) ဉီးစလုံးကို ရေကန်ထဲကနေ ကယ်တင်ခဲ့ပြီးပေမဲ့ တစ်ယောက်က အသက်မရှုဘူးလို့ သူတို့ ကြားသိခဲ့ရတယ်။

ဒက်တီက (၆) နှစ်အရွယ်ကလေးမလေးကို လမ်းဘေး ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူ ဒေးဗစ် ရိုဒရီကူဇ် (David Rodriguez) က ချက်ခြင်းပဲ အသက်ပြန်ရှုလာဖို့ ရှေ့ဉီးသူနာပြုနည်းနဲ့ ကယ်တင်ခဲ့ပါတယ်။ South Metro Fire Rescue က တာဝန်ရှိသူတွေဖြစ်တဲ့ ဘာလိန် မောလ်တန် (Blaine Moulton) နဲ့ ဂျက်စတင် ဒီလ်လာတ် (Justin Dillard) တို့ (၂) ဉီးကလည်း ကူညီပေးခဲ့ပါတယ်။ အဲဒီနောက် ကလေးမလေးကို ကလေးဆေးရုံ မြန်မြန်ပို့ဆောင်ပေးခဲ့ပြီး အသက်ရှုကာ နှလုံးပြန်ခုန်လာခဲ့ပါတယ်။ ကလေး အသက်ရှုတာမြင်မှပဲ စိတ်သက်သာရာရသွားတယ်လို့ ဂျက်စတင်က ပြောပါတယ်။ ကလေးကို  Denver Health အထွေထွေရောဂါကုဆေးရုံကြီးဆီ ပြောင်းရွှေ့ပေးခဲ့ပါတယ်။ တနင်္လာနေ့ကအထိ ကလေးက စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပေမဲ့ အသက်ရှင်ဖို့ မျှော်လင့်ရတယ်လို့ သိရပါတယ်။

South Metro ရဲ့ မီးသတ်အင်ဂျင်နီယာ ကော်ရေး ဆော့တန် (Corey Sutton) က အသက်ကို ပဓာနမထားဘဲ ကလေးတွေရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ တာလာဗီယာကို ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ်။ “ကျွန်တော့်မှာ သား လေးယောက်ရှိတယ်။ တာလာဗီယာလုပ်ခဲ့တဲ့ အရာက ချီးကျူးလောက်စရာပါ။ ကျွန်တော်တို့တွေ ဒီဖြစ်ရပ်ဖြစ်ပြီးတဲ့နောက်မှာ မီးသတ်ဌာနမှာ ဒီအကြောင်းပြန်ပြောနေကြတာ။ ကျွန်တော့်သားတွေထဲက တစ်ယောက်သာ အခုလိုဖြစ်ခဲ့မယ်ဆိုရင် သူ့လို တစ်စုံတစ်ယောက် အနီးနားမှာ ရှိဖို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။

Ref: Dailymail & CBSNews “23-year-old good Samaritan saves three children who fell into an icy pond in Colorado”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top