ဒဏ်ရိုက်မယ်လို့ ကြေညာပြီးနောက် ကနေဒါမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ စာရင်းပေးသွင်းသူ မြင့်တက်

14-2-2022-yyl6.jpg

ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးသူတွေကို ဒဏ်ရိုက်မယ်လို့ ကြေညာခဲ့ပြီး တစ်ရက်အကြာမှာပဲ ကနေဒါနိုင်ငံ ကူဘတ်ပြည်နယ်မှာ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံဖို့ စာရင်းပေးသွင်းမှု တစ်ဟုန်ထိုးမြင့်တက်လာခဲ့တယ်လို့ ကူဘတ်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဒူဘီက ပြောပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က ပထမအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ စာရင်းပေးသွင်းမှုတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမြင့်မားဆုံးပမာဏ ဖြစ်ခဲ့တာလို့ ဒူဘီက ဆိုပါတယ်။ ကျန်းမာရေးအရ ခြွင်းချက်အနေနဲ့ ကာကွယ်ဆေး မထိုးသူတွေကိုတော့ ဒဏ်ရိုက်မှာ မဟုတ်ပါဘူး။ ဒဏ်ကြေးပမာဏ များပြားတယ်လို့ အရာရှိတွေက ဆိုခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ကူဘတ်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့်ရှိသူတွေအနက် ၉၀ ရာခိုင်နှုန်းနီးပါးဟာ အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ်ပေမဲ့ ကာကွယ်ဆေးမထိုးရသေးသူတွေဟာ ကူဘတ်ပြည်နယ် ကျန်းမာရေးစနစ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ ကူဘတ်အစိုးရက ပြောပါတယ်။

ကနေဒါနိုင်ငံရဲ့ လူဦးရေ ၄ ပုံ၊ ၁ ပုံနီးပါးက ကူဘတ်ပြည်နယ်မှာ နေထိုင်ကြတာပါ။ ကူဘတ်ပြည်နယ်မှာ နေထိုင်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးမှသာ အရက် (သို့မဟုတ်) ဆေးခြောက်ဝယ်ခွင့်ရမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ကူဘတ်အစိုးရက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် စားသောက်ဆိုင်မှာ ထိုင်စားဖို့၊ အားကစားခန်းမ သွားဖို့၊ အားကစားပွဲတွေ သွားကြည့်ဖို့အတွက် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။

Ref: CNN ” Canada says vaccine mandates work as Quebec’s ‘unvaxxed tax’ leads to spike in first-dose appointments”

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top