မျက်ကွင်းညိုပြီး မျက်အိတ်ဖောင်းတာကြောင့် စိတ်ညစ်နေလား

11-11-2021yyl9.jpg

မျက်လုံးအောက်က ကျွန်မတို့ခန္ဓာကိုယ်ရဲ့အလွန်နူးညံ့တဲ့နေရာဖြစ်သလို ပါးလွှားဆုံးအရေပြားလည်းဖြစ်ပါတယ်။ အဲဒီနေရာမှာပဲ မျက်ကွင်းညိုတာ၊ မျက်အိတ်ဖြစ်တာတွေ ကြုံတွေ့နေရပါတယ်။ မျက်လုံးအောက် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖြစ်စေတဲ့ အကြောင်းအရင်းတော်တော်များများရှိပါတယ်။ အိပ်ရေးပျက်တာ၊ ရေဓာတ်ကုန်ခန်းတာ၊ အရက်အလွန်အကျွံသောက်တာ၊ ကျန်းမာရေးနဲ့ညီညွှတ်စွာ မစားသောက်တာတွေက မျက်ကွင်းညိုတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတချို့ပါပဲ။ အဲဒါတွေအပြင် မျိုးရိုးဗီဇနဲ့ အိုမင်းရင့်ရော်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာကို သက်သာသွားစေတဲ့ အလှကုန်ပစ္စည်းတွေလည်းဈေးကွက်မှာ ရနိုင်ပါတယ်။ အဲဒါတွေက သုံးရတာအဆင်မပြေဘူးဆိုရင် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာကို သက်သာသွားစေမယ့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတချို့ကို လိုက်လုပ်ကြည့်လို့ရပါတယ်။

  • ရေများများသောက်ပေးမယ်ဆိုရင် မျက်အိတ်ဖောင်းတာကို ကျုံ့စေနိုင်ပါတယ်။ အအေးအိတ်ကပ်ပေးတာကလည်း မျက်အိတ်ဖောင်းတာ မြန်မြန်ကျုံ့သွားဖို့အတွက် အလုပ်ဖြစ်ပါတယ်။
  • မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာ သက်သာသွားဖို့အတွက် လက်ဖက်ခြောက်အိတ်တွေ (အထူးသဖြင့် လက်ဖက်စိမ်း) ကို သင့်မျက်လုံးအောက်မှာ အသုံးပြုပေးပါ။ အဲဒီလက်ဖက်ခြောက်အိတ်မှာ ပါဝင်တဲ့ ကဖိန်းဓာတ်က အလွန်အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ သွေးလည်ပတ်မှုကို တိုးစေရုံသာမက အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးပါတယ်။ ဒါက အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို နှေးကွေးစေပါတယ်။
  • သံဓာတ်ချို့တဲ့တာကလည်း မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာကို ဖြစ်စေနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေစားသုံးပေးတာ၊ သံဓာတ်ဖြည့်စွက်အားဆေးတွေ သောက်သုံးပေးတာက မျက်ကွင်းညိုတာကို လျော့နည်းသွားစေနိုင်ပါတယ်။
  • Hydroquinone၊ Vit C၊ Kojic Acid နဲ့ Hyaluronic acid လို ပါဝင်ပစ္စည်းတွေ ပါဝင်တဲ့ Eye Cream ကို အသုံးပြုပေးပါ။
  • နေရောင်အောက် သွားလာနေရတယ်ဆိုရင် နေလောင်ဒဏ်လိမ်းခရင်မ်ကို နေ့တိုင်းလိမ်းပေးရပါမယ်။ နေရောင်ခြည်ကြောင့် မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာ ပိုဆိုးရွားမသွားစေဖို့အတွက် SPF 30 ရှိတဲ့၊ ရေစိုခံတဲ့ နေရောင်ဒဏ်လိမ်းခရင်မ်ကို ရွေးချယ်သင့်ပါတယ်။
  • မျက်အိတ်ဖောင်းတာ မကြာခဏဖြစ်ဖြစ်နေတယ်ဆိုရင် ခေါင်းအုံးနှစ်လုံးဆင့်ကာ ခေါင်းကို မြင့်မြင့်ထားပြီး အိပ်စက်ပါ။ ခေါင်းကို မြင့်မြင့်ထားပြီးအိပ်တာက မျက်လုံးအောက်မှာ အရည်တွေစုပုံလာခြင်းကနေ ကာကွယ်တားဆီးပေးပါတယ်။
  • အရေးအကြီးဆုံးကတော့ – တစ်နေ့ကို ၈ နာရီ ပြည့်အောင် ကောင်းကောင်းအိပ်စက်ပါ။ အိပ်ရေးမဝတာက သင့်မျက်လုံးကို ပင်ပန်းနွမ်းနယ်စေပြီး မျက်လုံးအောက်အရေပြားပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပြီး မျက်ကွင်းညိုတာတွေဖြစ်စေပါတယ်။
  • ကော်လာဂျင် ဆုံးရှုံးတာကလည်း မျက်ကွင်းညိုတာရဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပါပဲ။ ဗီတာမင် C နဲ့ အမိုင်နိုအက်ဆစ်တွေကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးတာက hyaluronic acid ပမာဏကို မြှင့်တင်ပေးခြင်းဖြင့် ကော်လဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး ကျန်းမာတဲ့ အသားအရေကို ရရှိစေပါတယ်။

-အချို့သော ဓာတ်မတည့်မှုတွေက မျက်ကွင်းညိုတာနဲ့ မျက်အိတ်ဖောင်းတာတွေဖြစ်စေနိုင်ပါတယ်။ သင့်မျက်လုံးဖောင်းတာက ဓါတ်မတည့်မှုအခြေအနေဖြစ်နေပါက၊ အချို့ကိစ္စတွေမှာ မျက်အိတ်ဖောင်းတာက ဓာတ်မတည့်မှုနဲ့ ဆက်စပ်နေတာဖြစ်နိုင်ပါတယ်။

  • နောက်ဆုံးအနေနဲ့ကတော့ ဖုန်းနဲ့ ကွန်ပျူတာတွေက ထွက်တဲ့ အလင်းရောင်က အရေပြားကို ခြောက်သွေ့စေပြီး အစိုဓာတ်ကို ဆုံးရှုံးစေတဲ့အတွက် မျက်လုံးအောက်မှာ မျက်ကွင်းညိုတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းသုံးတာ၊ ကွန်ပျူတာသုံးတဲ့အချိန်ကို ကန့်သတ်ထားသင့်ပါတယ်။

Ref: Having trouble with dark circles and eye bags? Here’s help

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top