ရာသီဥတုပြောင်းလဲမှုအရေး ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်နဲ့ တရုတ် သဘောတူညီ

11-11-2021yyl1.jpg

၂၀၁၅ ခုနှစ် ပါရီရာသီဥတု သဘောတူညီချက်မှာ ချမှတ်ထားတဲ့ ကမ္ဘာ့အပူချိန် မြင့်တက်မှု ၁.၅ ဒီဂရီဆဲလ်စီးယက် မကျော်စေရေး ရည်မှန်းချက် အောင်မြင်စေဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်နဲ့ တရုတ်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွှေ့ထုတ်လွှတ်မှု အများဆုံး နိုင်ငံတွေ ဖြစ်ပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပမာဏအရ တရုတ်နိုင်ငံက ( ၁၁၅၃၅ မဂ္ဂါတန်)၊ အမေရိကန်နိုင်ငံက (၅၁၀၇ မဂ္ဂါတန်) ရှိနေပါတယ်။ စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့မှာ ကျင်းပနေတဲ့ COP26 ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ ကမ္ဘာ့အင်အားအကြီးဆုံး ပြိုင်ဘက် ၂ နိုင်ငံက အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ မမျှော်လင့်ထားတဲ့ သဘောတူညီချက်ကို တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေက ကြိုဆိုခဲ့ပေမဲ့ စောင့်ကြည့်ရဦးမယ်လို့ ဆိုကြပါတယ်။ ဒီသဘောတူညီချက်ဟာ အားတက်စရာဖြစ်ပြီး အရေးပါတဲ့ခြေလှမ်းတစ်ရပ်ပဲလို့ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂက ဖော်ပြခဲ့ပါတယ်။ ၂ နိုင်ငံလုံးအနေနဲ့ ပိုမိုခိုင်မာပြတ်သားတဲ့လုပ်ရပ်တွေ လုပ်ပြရဦးမယ်လို့ Greenpeace အဖွဲ့က ပြောပါတယ်။

ကမ္ဘာ့အပူချိန် မြင့်တက်မှုကို စက်မှုခေတ်ကြိုကာလကထက် ၁.၅ ဒီဂရီဆဲလ်စီးယက် မကျော်အောင် ထိန်းနိုင်မှသာ လူသားမျိုးနွယ်တွေအနေနဲ့ အဆိုးရွားဆုံး ရာသီဥတုဘေးကို ရှောင်ရှားနိုင်လိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အခုလို ကြေညာချက် ထုတ်ပြန်နိုင်ခဲ့လို့ အစောဆုံးအနေနဲ့ လာမယ့်တစ်ပတ်ထဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ video conferencing နဲ့ ဆွေးနွေးဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၀ လအတွင်း ဆွေးနွေးမှု ၃၀ လောက် လုပ်ခဲ့ပြီးနောက်မှာ အခုလို သဘောတူညီခဲ့တာလို့ တရုတ်နိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ သံတမန်က ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ သံတမန် ဂျွန်ကယ်ရီကလည်း အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကွဲလွဲမှုတွေ ရှိနေပေမဲ့ ရာသီဥတုအရေးမှာတော့ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

Ref: BBC ” COP26: Cautious welcome for unexpected US-China climate agreement “
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top