ကိုလံဘီယာနိုင်ငံမှာ အလုပ်သမားတွေကို သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်သေဆုံးခဲ့ရင် လစာပြည့်ခွင့် (၂) ရက်ပေးမယ့် ဉပဒေမူကြမ်း တင်သွင်း

24-9-2021-yyl7.jpg

ကိုလံဘီယာနိုင်ငံမှာ အဆိုတင်သွင်းထားတဲ့ ဉပဒေသစ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အလုပ်သမားတွေကို သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်သေဆုံးခဲ့ရင် လစာပြည့်ခွင့် (၂) ရက် ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဉပဒေသစ်က လူသားတွေနဲ့ သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကြား သံယောဇဉ်နှောင်ကြိုးနဲ့ အိမ်မွေးတိရစ္ဆာန်သေဆုံးမှုက လူတွေပေါ်မှာ စိတ်ခံစားချက်ပိုင်းသက်ရောက်မှုရှိတယ်ဆိုတာတွေကို အသိအမှတ်ပြုဖို့ရည်ရွယ်ထားတာပါ။ ဝန်ထမ်းတစ်ယောက်က သူ့ရဲ့တိရစ္ဆာန်သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးနေရင် လစာပြည့်ခွင့် (၂) ရက်ပေးဖို့ အလုပ်ရှင်တွေကို တွန်းအားပေးမယ့် ဉပဒေမူကြမ်းကို တင်ပြခဲ့တဲ့သူကတော့ ကိုလံဘီယာလစ်ဘရယ်ပါတီက နိုင်ငံရေးသမား အယ်လဲဂျန်ဒရို ကာလို့စ် ချာကွန် (Alejandro Carlos Chacon) ဆိုသူပါ။

El Tiempo သတင်းဝက်ဘ်ဆိုက်အရ ချာကွန်က “ တချို့လူတွေမှာ ကလေးမရှိကြဘူး။ ဒါပေမဲ့ သူတို့မှာ သံယောဇဉ်နက်ရှိုင်းပြီး အရမ်းချစ်မြတ်နိုးရတဲ့ အိမ်မွေးတိရစ္ဆာန်ရှိကြတယ်” လို့ ဆိုပါတယ်။ဒီမေတ္တာကရုဏာတရားကြီးမားတဲ့ အစီအစဉ်က အလုပ်သမားတွေကို အလုပ်မှာ မနစ်မွန်းစေဘဲ သူတို့ချစ်တဲ့တိရစ္ဆာန်တွေ ဆုံးရှုံးရတဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှုတွေကို ကျော်လွှားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ လွှတ်တော်တင်သွင်းမယ့် ဉပဒေကြမ်းက အိမ်မွေးတိရစ္ဆာန်ပိုင်ဆိုင်တဲ့ အိမ်ထောင်စု ၁၀ စုမှာ ၆ စုရှိတဲ့ ကိုလံဘီယာက မိသားစုအများစုနဲ့ သက်ဆိုင်မှာဖြစ်တယ်လို့ ချာကွန်က ဆိုပါတယ်။

ဒီဥပဒေကြမ်းကို အောက်လွှတ်တော်ရဲ့အထွေထွေအတွင်းရေးမှူးဆီတင်ပြပြီး တိရိစ္ဆာန်အပေါင်းအဖော်ဆုံးရှုံးမှုအတွက် ၀မ်းနည်းပူးဆွေးမှုကို အသိအမှတ်ပြုဖို့ ကြိုးစားနေတယ်လို့ El Tiempo က ထုတ်ပြန်ခဲ့ပါတယ်။El Tiempo က ဖော်ပြထားတဲ့ ဥပဒေကြမ်းရဲ့ကိုးကားချက်မှာ အလုပ်သမားတွေရဲ့အိမ်မွေးတိရိစ္ဆာန်သေဆုံးမှုအတွက် လစာပြည့်ခွင့် ခွင့်ပြုပေးဖို့ အလုပ်ရှင်ရဲ့တာဝန်နဲ့ အကျိုးအမြတ်ရယူဖို့ လိုအပ်ချက်အနေနဲ့ အိမ်မွေးတိရစ္ဆာန်ရှိတယ်ဆိုတာ အလုပ်ရှင်ကို အသိပေးဖို့ အလုပ်သမားရဲ့တာဝန်တွေကို သတ်မှတ်ပေးဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

ဥပဒေမူကြမ်းမှာ ဒီအဆိုပြုချက်က လူသားတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေကြား သံယောဇဉ်နှောင်ကြိုးရဲ့တန်ဖိုးကို နားလည်မှုကနေ ဖြစ်ပေါ်လာတယ်လို့ ဖော်ပြထားပါတယ်။ အလုပ်သမားတွေက အိမ်မွေးတိရစ္ဆာန်မသေဆုံးခင် သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်အကြောင်း အလုပ်ရှင်ကို ပြောပြထားမယ်ဆိုရင် လစာပြည့်ခွင့် (၂) ရက်က အကြုံးဝင်မယ်လို့ မူကြမ်းမှာ ဖော်ပြထားပါတယ်။

“အလုပ်သမားတွေက အလုပ်ဝင်တဲ့နေ့ကစပြီး (ဒါမှမဟုတ်) အိမ်မွေးတိရစ္ဆာန်မွေးစားပြီးတဲ့နောက် (၂) ရက်ထက် နောက်မကျဘဲ မိသားစုမှာ အိမ်မွေးတိရစ္ဆာန်ရှိတယ်ဆိုတာ အလုပ်ရှင်ကို အကြောင်းကြားထားရပါမယ်” လို့ ဆိုပါတယ်။ အလုပ်သမားတွေက အိမ်မွေးတိရစ္ဆာန်သေဆုံးတယ်ဆိုတာ ခိုင်မာတဲ့သက်သေအထောက်အထားပြရပါမယ်။ တကယ်လို့ အိမ်မွေးတိရစ္ဆာန်သေဆုံးတယ်လို့ လိမ်ညာခဲ့ရင် အထောက်အထားအမှားတွေပြမယ်ဆိုရင် အဲဲဒီအလုပ်သမားတွေအတွက် ပြစ်ဒဏ်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အခုဆိုရင် ဥပဒေကြမ်းကိုတင်သွင်းပြီးပေမဲ့ ကိုလံဘီယာမှာ ဒီဥပဒေပြဌာန်းဖို့အတွက် ဆီးနိတ်နဲ့ အောက်လွှတ်တော်တို့အကြားဆွေးနွေးမှု လေးကြိမ်ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ “အခု လွှတ်တော်ရဲ့သတ္တမမြောက်ကော်မတီမှာ ပထမအကြိမ်ဆွေးနွေးမှုစတင်သွားမှာပါ” လို့ El Tiempo ကဖော်ပြထားပါတယ်။

Ref: Ladbible “Workers In Colombia Set To Be Granted Two Days’ Paid Leave For Death Of Pet”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top