Ironman 70.3 World Championship ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်ခဲ့တဲ့ အော်တစ်ဇင်အားကစားသမား

23-9-2021-yyl1.png

သံမဏီလူသား (Ironman) အားကစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတစ်ဉီးက ရေကူးတာ၊ စက်ဘီးစီးတာ၊ မာရသွန်ပြေးရတာတွေကို ပြီးမြောက်အောင်မြင်ရမှာဖြစ်ပါတယ်။ စနေနေ့က ကျင်းပပြီးစီးသွားခဲ့တဲ့ Ironman 70.3 World Championship ပြိုင်ပွဲမှာ အော်တစ်ဇင်ရောဂါနဲ့ အားကစားသမားတစ်ဉီးက ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်။ ဆမ် ဟိုလ်နက် (Sam Holness) ဆိုသူက သံမဏီလူသားကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ နောက်ဆုံးလိုင်းကို ဖြတ်ကျော်အောင်မြင်ပြီးတဲ့နောက်မှာတော့ ရေကူး၊ စက်ဘီးစီး၊ အပြေးအားကစား (၃) မျိုးလုံးကို ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ပထမဆုံးလူသိများတဲ့အားကစားသမားဖြစ်လာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဆမ်က ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်နိုင်ဖို့အတွက် (၁) နှစ်ကျော်အချိန်ယူ လေ့ကျင့်နေခဲ့ရတာပါ။ သူ ယှဉ်ပြိုင်ခဲ့တဲ့ သံမဏီလူသားပြိုင်ပွဲမှာ ၁.၂ မိုင် ရေကူးတာ၊ ၅.၆ မိုင် စက်ဘီးစီးတာ နဲ့ ၁၃.၁ မိုင် အပြေးပြိုင်တာတွေပါဝင်ခဲ့ပါတယ်။ ဆမ်က မိုးရွာတာ၊ လျှပ်စီးနဲ့ သဲမုန်တိုင်းတွေကိုတောင် ရင်ဆိုင်ကျော်လွှားရင်နဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာပါ။ သူ့ကို တားဆီးလို့မရတဲ့ သဘာဝတရားကြီးကတောင် ရှုံးနိမ့်အောင် မလုပ်နိုင်ခဲ့ပါဘူး။

အောင်မြင်မှုနဲ့ပတ်သက်ပြီး အင်တာဗျူးမှာ ဆမ်ဖြေကြားခဲ့တာက “ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော် ပျော်ရွှင်မိတယ်။ လေ့ကျင့်ရေးပြန််လုပ်ဖို့ မစောင့်နိုင်တော့ဘူး” ဆိုတာပါပဲ။ အင်တာဗျူးဖြေကြားချိန်မှာ ဆမ်နဲ့အတူ သူ့ရဲ့အဖေလည်းဖြစ် နည်းပြလည်းဖြစ်တဲ့ တိုနီ (Tony) လည်း ရှိနေခဲ့ပါတယ်။ သူ့ရဲ့သား ဘေးကင်းတာမြင်ရဖို့က သူတို့မိသားစု အားလုံး ဂရုစိုက်တဲ့အရာအားလုံးပါပဲလို့ ပြောပါတယ်။ ဆမ် ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့အချိန် မိဘနှစ်ပါးလုံးက စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေခဲ့တာပါ။ နောက်ဆုံးပြိုင်ပွဲပြီးမြောက်သွားတာမြင်တွေ့ရတဲ့အချိန်မှာတော့ ငိုခဲ့ရပါတယ်၊

“ပြိုင်ပွဲကို ထိုင်ပြီးကြည့်နေရတာထက် ဝင်ပြိုင်ရတာက ပိုကောင်းမယ်လို့ ကျွန်တော် ခဏခဏစဉ်းစားမိတယ်။ ဆမ် စက်ဘီးစီးတဲ့အချိန်မှာ ကျွန်တော်တို့ ထိန်းလို့မရတော့ဘူး။ စိုးရိမ်စိတ်နဲ့ နေလို့ထိုင်လို့မရဖြစ်ခဲ့လို့ပါ” လို့ တိုနီက ပြောပါတယ်။ ဆမ်က (၅) နာရီ (၄၄) မိနစ်မှာပြိုင်ပွဲကို ပြီးမြောက်ခဲ့တာပါ။ သူက အကောင်းဆုံးအားကစားသမားတချို့နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

ဆမ်ရဲ့ဖခင် တိုနီက “နည်းပြတစ်ယောက်အနေနဲ့ ဒါက တော်တယ်ပေါ့။ မိဘတစ်ယောက်အနေနဲ့ဆိုရင်တော့ ဒါက အံ့မခန်းပါပဲ။ တကယ်တော့ ကျွန်တော်တို့ ထိုင်ချပြီး စဉ်းစားမိတာက ဒါက တကယ်ကြီးလား” လို့ ဆိုပါတယ်။ တိုနီက ဆမ်ကို ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ပေးဖို့အတွက် သူ့ရဲ့အလုပ်ကနေ ထွက်ထားတာပါ။

Ironman 70.3 World Championship ပြိုင်ပွဲရက်မရောက်ခင် ရေကူးကန်၊ စက်ဘီးစီးတာနဲ့ ၁၀မိုင် – ၂၀ မိုင် ပြေးတာတွေမှာ လေ့ကျင့်ရေးဆင်းခဲ့တဲ့ရက်တွေကို ကုန်ဆုံးခဲ့ရတာပါ။ လေ့ကျင့်ပြီးရင် ပြန်လည်အားဖြည့်ဖို့အတွက် ဆမ်က တရေးတမောအိပ်ပြီး အနားယူတယ်။ ယောဂလည်း ကျင့်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်ကျော်တုန်းကတော့ သူတို့သားအဖက ဒါကိုလုပ်ဖို့ အိပ်မက်တောင်မမက်ခဲ့ဘူးလို့ သိရပါတယ်။

ဆမ်က ရေကူး၊စက်ဘီးစီးနဲ့ အပြေးပြိုင်ပွဲမှာ အော်တစ်ဇင်ရောဂါနဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်အားကစားသမားဖြစ်ဖို့မျှော်မှန်းထားတာပါ။ အောက်တိုဘာ ၃ ရက်နေ့ London Marathon ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ််။ အောက်တိုဘာ ၂၄ ရက်နေ့ ပေါတူဂီနိုင်ငံက အခြားသံမဏီလူသားပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ဉီးမှာပါ။ ဆမ်တို့သားအဖရဲ့ရည်မှန်းချက်က အခြားသူတွေ ဆက်လက်အတုယူနိုင်စေဖို့ပါပဲ။

Ref: CBSNews “Sam Holness becomes the first known triathlete with autism to complete Ironman 70.3 World Championship”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top