အသည်းခြောက်ခြင်းရဲ့အစောဆုံးလက္ခဏာ (၅) ခု

11-8-2021-yyl06.jpg

အသည်းခြောက်ခြင်းက မတူကွဲပြားတဲ့ အသည်းနဲ့ဆက်စပ်တဲ့ပြဿနာတွေကြောင့်ဖြစ်လာရတာပါ။ အသည်းမှာရှိတဲ့ ကျန်းမာသန်စွမ်းတဲ့ တစ်သျူးတွေက တဖြည်းဖြည်း အနာတရဖြစ်နေတဲ့တစ်သျူးတွေနဲ့ အစားထိုးလာကာ နောက်ဆုံးမှာ အသည်းစွမ်းဆောင်နိုင်ရည်နည်းသွားစေမှာဖြစ်ပါတယ်။ အသည်းရဲ့အခန်းကဏ္ဍက ဘာလဲဆိုရင် ကျွန်တော်တို့ရဲ့အသည်းက ကျန်းမာစွာနေထိုင်နိုင်ဖို့အတွက် တစ်နေ့တာမှာ လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ဖို့ တာဝန်ရှိပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာ၊ အစာတွေချေဖျက်နိုင်ဖို့အတွက် အကူအညီပေးတဲ့ အင်ဇိုင်းဓာတ်လုပ်ဆောင်ပေးတာ၊ သကြားနဲ့ အာဟာရဓာတ်တွေကို သိုလှောင်ပေးပြီး ကူးစက်ရောဂါတွေကို တိုက်ဖျက်ဖို့အတွက် အကူအညီပေးပါတယ်။ သင့်ရဲ့အသည်းက ဘယ်လိုအကြောင်းမျိုးနဲ့ဖြစ်ဖြစ် ထိခိုက်မိသွားတဲ့အခါ ကျန်းမာသန်စွမ်းတဲ့ အသည်းရဲ့ဆဲလ်တွေက ရောင်ရမ်းလာနိုင်တဲ့အပြင် သေတောင်သေသွားနိုင်ပါတယ်။ တစ်သျူးတွေကို အနာတရဖြစ်လာစေပြီး အသည်းမှာ အပြစ်အနာတရဖြစ်နေတဲ့တစ်သျူးတွေစုပုံလာမယ်ဆိုရင် အသည်းရဲ့လုပ်ဆောင်ချက်ကို အနှောင့်အယှက်ဖြစ်စေပြီး အသည်းခြောက်တာဖြစ်လာစေနိုင်ပါတယ်။

အသည်းခြောက်ခြင်းက အသည်းပြဿနာ (ဒါမှမဟုတ်) ရောဂါကြောင့်ဖြစ်လာတဲ့ ကျန်းမာရေးအခြေအနေပါ။ အသည်းအခြေအနေကို မကုသဘူးဆိုရင် ပိုပြီးဆိုးရွားလာမှာဖြစ်ပါတယ်။ အသည်းခြောက်ခြင်းဖြစ်နိုင်ခြေများတဲ့တချို့အခြေအနေတွေကတော့

  • နှစ်တော်တော်ကြာ အရက်သောက်သုံးခြင်း
  • အသည်းရောင်ရောဂါ
  • ထိန်းချုပ်လို့မရတဲ့ ဆီးချိုရောဂါ
  • အဝလွန်ရောဂါ
  • ဆေးထိုးအပ်ကို မျှဝေအသုံးပြုထိုးနှံခြင်းတို့ဖြစ်ပါတယ်။

လျစ်လျူရှုမထားသင့်တဲ့ အသည်းခြောက်ခြင်းရဲ့အစောဆုံးလက္ခဏာရပ်တွေကတော့

အလွယ်တကူသွေးထွက်ခြင်း (သို့) ပွန်းပဲ့ဒဏ်ရာရခြင်း

ကျွန်တော်တို့ရဲ့အသည်းက ဗီတာမင်ကေရဲ့အကူအညီနဲ့ ပရိုတင်းဓာတ်ကို ထုတ်လုပ်ပေးပါတယ်။ ဒါ့အပြင် ပျက်စီးနေတဲ့ သွေးဆဲလ်တွေချေဖျက်ဖို့အတွက်လည်း ကူညီပါတယ်။ အသည်းထိခိုက်တဲ့အခါ ပရိုတင်းလုံလုံလောက်လောက်မထုတ်လုပ်နိုင်တော့တဲ့အတွက် အလွယ်တကူသွေးထွက်တာ၊ အလွယ်တကူပွန်းပဲ့ဒဏ်ရာရတာတွေဖြစ်လာရနိုင်ပါတယ်။

အရေပြားနဲ့မျက်လုံးမှာ အဝါရောင်ပြောင်းခြင်း

အရေပြားနဲ့မျက်လုံးမှာ အဝါရောင်ပြောင်းသွားတယ်ဆိုရင် အသည်းခြောက်ခြင်းရဲ့အစောဆုံးလက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ အသည်းထိခိုက်တဲ့အခါ ခန္ဓာကိုယ်မှာ သည်းခြေရည်ပမာဏကို မထိန်းနိုင်တော့ဘဲ အရေပြားနဲ့မျက်လုံးမှာ အဝါရောင်ပြောင်းတဲ့ကျန်းမာရေးအခြေအနေဖြစ်လာရတာဖြစ်ပါတယ်။

ခြေထောက်၊ ခြေဖဝါး၊ ခြေချင်းဝက်ရောင်ရမ်းခြင်း

ခြေထောက်နဲ့ လက်တွေ ရောင်ရမ်းတာကလည်း အယ်လ်ဘူမင် (albumin) လို့ခေါ်တဲ့ ပရိုတင်းထုတ်လုပ်ခြင်းလျော့နည်းတာကြောင့်ဖြစ်လာရပါတယ်။ ဒီပရိုတင်းက သွေးလွှတ်ကြောကနေ တစ်သျူးတွေထဲ သွေးမစီးဆင်းအောင် ထိန်းပေးပါတယ်။ အသည်းထိခိုက်သွားမယ်ဆိုရင် ဒီပရိုတင်းဓာတ်ကိုလျော့နည်းသွားစေပြီး ခြေထောက်၊ ခြေဖဝါး၊ ခြေချင်းဝက်ရောင်ရမ်းစေတာဖြစ်ပါတယ်။

ဝမ်းဗိုက်မှာ အရည်တွေစုပြုံလာခြင်း

နာတာရှည်အသည်းရောဂါမှာ အရည်တွေက ဝမ်းဗိုက်မှာ စုပြုံလာပြီး ဝမ်းဗိုက်ဖောင်းကာခြင်းကိုဖြစ်စေပါတယ်။ ဒါက သင့်ရဲ့ဗိုက်ကို တင်းပြီး ရောင်ရမ်းလာစေနိုင်ပါတယ်။ အသည်းပျက်စီးတာကြောင့် အရည်တွေက ဝမ်းဗိုက်နဲ့ အသည်းကြားမှာရှိတဲ့ နေရာလွတ်တွေမှာ စုပြုံလာပါတယ်။

ကိုယ်အလေးချိန်ကျခြင်း

အစာမလျော့ဘဲ၊ လေ့ကျင့်ခန်းမလုပ်ဘဲ ကိုယ်အလေးချိန်ကျသွားတာက စိုးရိမ်ရတဲ့အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။ အသည်းခြောက်ခြင်းရဲ့အစောဆုံးလက္ခဏာဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်လျော့ကျတာတွေဖြစ်နေတာကို သတိထားမိမယ်ဆိုရင် ဆရာဝန်ပြကြည့်သင့်ပါတယ်။

Ref: Liver diseases: 5 early signs of liver cirrhosis you should not ignore


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top