ရေခဲသေတ္တာရဲ့ စွမ်းအင်သုံးစွဲမှုကို လျော့ချနိုင်မယ့် နည်းလမ်း ခုနှစ်သွယ်

8-6-2020-yyl-041.jpg

ရေခဲသေတ္တာဆိုတာ အိမ်တိုင်းလိုလိုမှာ တွေ့ရလေ့ရှိတဲ့အရာတစ်ခု ဖြစ်နေတဲ့အပြင် မီးဖိုချောင်အတွက် တကယ်ကို အသုံးဝင်လှတဲ့ပစ္စည်း တစ်ခုဆိုတာ သဘောတူကြမယ် ထင်ပါတယ်။ ရေခဲသေတ္တာက ဘယ်လောက်ပဲ အသုံးဝင်ပါတယ်ဆိုပေမယ့် သူ့လောက် ပါဝါ သုံးတာကလည်း သူပဲ ပါပဲ။

တစ်နေ့ကို ၂၄နာရီ၊ ၁နှစ်ကို ၃၆၅ရက်လုံးကို သူက အလုပ်လုပ်နေပြီး သူ့ကို ပိတ်ပစ်လိုက်ဖို့ကလည်း အဆင်မပြေလှပါဘူး။

ဒါကြောင့် ကျွန်တော်တို့ ပေးနေရတဲ့ လျှစ်စစ်မီတာခ ရဲ့ ၁၅ – ၂၀ ရာခိုင်နှုန်း က ရေခဲသေတ္တာက သုံးထားတဲ့ အဖိုးအခ ဖြစ်နေတတ်ပါတယ်။ ရေခဲသေတ္တာတွေဟာ အိမ်တစ်အိမ်ရဲ့ ပါဝါအသုံးစွဲဆုံး သုံးမျိုးမှာ ပါဝင်နေပါတယ်။ ရေခဲသေတ္တာကြောင့် ကုန်နေရတဲ့ လျှစ်စစ်မီတာခတွေကို လျှော့ချပစ်ချင်လို့ နည်းလမ်းရှာနေတဲ့သူဆိုရင်တော့ ရိုးရှင်းတဲ့ နည်းလမ်း ခုနှစ်မျိုးကို ပြောပြလိုပါတယ်။

 

၁။ သေသပ် သပ်ရပ်အောင် စီစဉ်ထားခြင်း

ကျွန်တော်တို့ဟာ ရေခဲသေတ္တာကို အစားအစာတွေ ပုပ်မသွားအောင် ထားဖို့ အဓိက အသုံးပြုကြပါတယ်။ ရေခဲသေတ္တာတွေမှာ အကန့်လေးတွေ ပါတာကို သတိပြုမိကြမယ် ထင်ပါတယ်။ အဲဒီအကန့်လေးတွေက မတူညီတဲ့ အစားအစာအမျိုးမျိုး ကို အကောင်းဆုံး သိုလှောင်ထားနိုင်ဖို့ ထည့်ပေးထားခြင်း ဖြစ်ပါတယ်။ ရေခဲသေတ္တာကို ပြည့်ကျပ်နေအောင် လုပ်ထားတာက လိုချင်တာကို အလွယ်တကူ ယူလို့မရတဲ့အပြင် ရေခဲသေတ္တာထဲ လေအေး စီးဆင်းမှုကို အဟန့်အတား ဖြစ်စေပါတယ်။ မလိုအပ်တာတွေကို ဖယ်ပစ်တာက ပါဝါသုံးစွဲမှုကို လျှော့ချနိုင်တဲ့ နည်းလမ်းကောင်း တစ်ရပ်ဖြစ်ပါတယ်။

၂။ မှန်ကန်သော အပူချိန်နဲ့အတူ အစားအစာတွေကို သိမ်းဆည်းပါ

ကျွန်တော်တို့ဟာ မီးဖိုပေါ်က အစားအစာတွေကို အအေးမခံဘဲ ရေခဲသေတ္တာ အထဲသို့ တန်းထည့်ပြီး သိမ်းဆည်းလိုက်မယ်ဆိုရင် ရေခဲသေတ္တာက အလုပ်တွေ အများကြီး လုပ်ကိုင်ရပါတယ်။ ပထမဆုံး ပူနေတဲ့ အစားအစာကို အေးအောင်လို့ အခန်းအပူချိန်အထိ လျော့ချရပါတယ်။ အခန်းအပူချိန် အနေအထားကို ရောက်ပြီဆိုရင်တော့ သူက အေးလာစေဖို့ စတင်လုပ်ဆောင်ပါတော့တယ်။ ရေခဲသေတ္တာက အလုပ်ပိုလုပ်ရလေ ပါဝါသုံးစွဲမှု ပိုလာလေ ဖြစ်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့ အစားအစာတွေကို ရေခဲသေတ္တာ အထဲသို့ တန်းမထည့်ဘဲ အပြင်မှာ ခဏထားပြီး အခန်းအပူချိန် ရောက်မှ ရေခဲသေတ္တာ ထဲကို ထည့်သင့်ကြောင်း အကြံပြုလိုပါတယ်။

 

၃။ အစားအစာတွေကို အဖုံးအုပ်ထားပါ

ရေခဲသေတ္တာထဲမှာ အစားအစာတွေကို သိမ်းဆည်းထားမယ်ဆိုရင် သင့်တော်တဲ့အဖုံး ဖုံးပြီး သိမ်းထားသင့်ပါတယ်။ အဖုံး ဖုံးထားခြင်းဖြင့် အစားအစာရဲ့ အစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ပြီး လတ်ဆတ်မှုကိုလည်း ကြာရှည်ခံစေပါတယ်။ ဒါ့အပြင် ပါဝါသုံးစွဲမှု ကိုလည်း လျှော့ချနိုင်ပါသေးတယ်။ အဖုံး ဖုံးတာနဲ့ တကယ် လျှော့ချနိုင်တာလား? ဟုတ်ပါတယ်။ တကယ် လျှော့ချနိုင်ပါတယ်။ အဖုံး မဖုံးဘဲ အစားအစာတွေကို ရေခဲသေတ္တာထဲ သိမ်းထားမယ်ဆို အစားအစာတွေကနေ စိုစွတ်မှုတွေ ဖြစ်စေပါတယ်။ ထိုအခါ ရေခဲသေတ္တာရဲ့ ကွန်ပရက်ဆာ က စိုစွတ်နေတဲ့လေထုကို ထိန်းသိမ်းဖို့ အလုပ် ပိုလုပ်ရပြီး ပါဝါ ကို ပိုသုံးစွဲမိစေပါတယ်။ အကယ်၍ အဖုံး ဖုံးပြီး သိမ်းဆည်းမယ်ဆိုရင်တော့ ဒီလိုကိစ္စမျိုးတွေ မဖြစ်လာနိုင်တော့ပါဘူး။

၄။ မှန်မှန် ဆေးကြောသန့်စင်ပေးပါ

ရေခဲသေတ္တာထဲမှာ ရေခဲတွေ ခဲနေတာမျိုးတွေ မြင်ဖူးပါသလား။ ရေခဲသေတ္တာရဲ့ ကွန်ဒန်ဆာ က အလုပ် ကောင်းကောင်း မလုပ်တဲ့အခါ ထိုကဲ့သို့ ရေခဲနေတာမျိုးတွေ ဖြစ်လာပါတယ်။ ထိုအခါ ရေခဲသေတ္တာ က ပါဝါ ကို ပိုသုံးစွဲလာပါတော့တယ်။ အဲဒီလို အဖြစ်မျိုးကနေ ရှောင်ရှားနိုင်စေဖို့ ဖုန်တွေ၊အမှိုက်တွေ မကပ်နေအောင် ကွိုင်တွေကို သန့်ရှင်းအောင် ထားသင့်ပါတယ်။ ရေခဲသေတ္တာရဲ့ အနောက်ဖက်မှာ ရှိတဲ့ သတ္တုကွိုင်တွေက ကွန်ပရက်ဆာကို မပူအောင် လုပ်ပေးနိုင်ပြီး ရေခဲသေတ္တာကို အေးနေစေပါတယ်။ ဒါကြောင့် ရေခဲသေတ္တာမှာ ကပ်နေတဲ့ ရေခဲတွေကို အရည်ပျော်ကျအောင် ပုံမှန် လုပ်ပေးသင့်တဲ့အပြင် ကွိုင်တွေကိုလည်း ပုံမှန် သန့်ရှင်းရေး လုပ်သင့်ပါတယ်။

၅။ မှန်ကန်တဲ့ အပူချိန်ကို ထားရှိပါ

အပူချိန်မြင့်ခြင်း က အစားအစာတွေကို ပျက်စီးစေပြီး အေးလွန်းခြင်းကလည်း ထို့အတူပါပဲ။ ရေခဲသေတ္တာကို အလွန်အမင်း အေးနေစေတာကလည်း မီတာခ ပိုတက်စေရုံသာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အပူချိန်ကို အလယ်အလတ် အေးရုံလောက်ပဲ ထားတာက အစားအစာတွေကို ကောင်းမွန်အောင် ထိန်းသိမ်းရာ ရောက်သည့်အပြင် ပါဝါသုံးစွဲမှုကိုပါ လျော့ကျစေပါတယ်။

၆။ တံခါးတွေ ကို လုံအောင် ပိတ်ပါ

ကျွန်တော်တို့ဟာ တစ်နေ့ကို ဘယ်နှကြိမ်လောက် ရေခဲသေတ္တာတံခါး ကို အဖွင့်အပိတ် လုပ်မိတယ်ဆိုတာ သတိထားမိပါရဲ့လား။ ဒီလိုလုပ်တာက ရေခဲသေတ္တာထဲကို ပြင်ပက လေပူတွေ ဝင်ရောက်စေပါတယ်။ ကြာကြာဖွင့်ထားလေ လေပူတွေ ပိုဝင်လေပါပဲ။ လေပူတွေကို အေးလာအောင် ကွန်ပရက်ဆာက အလုပ် ပိုလုပ်ရပါတယ်။ ဒါကြောင့် ရေခဲသေတ္တာထဲက ဘာလိုချင်တယ်ဆိုတာ သေချာ စဉ်းစားပြီးမှ တံခါးကို ဖွင့်တဲ့အကျင့်မျိုး ပြုလုပ်သင့်ပါတယ်။

၇။ ရေခဲသေတ္တာကို နေရာချခြင်း

လေအဝင်အထွက် ကောင်းကောင်းရဖို့ ရေခဲသေတ္တာတွေကို နံရံကနေ လက်မအနည်းငယ်လောက် ခွာထားသင့်ပါတယ်။ နေရောင် နဲ့ တခြားသော အပူထွက်တဲ့ အိမ်သုံးပစ္စည်းတွေ(ဥပမာ – မိုက်ခရိုဝေ့ဗ်) ကို အထူး ရှောင်ရှားသင့်ပါတယ်။

အထက်ပါ ရိုးရှင်းတဲ့ နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် သင့် ရေခဲသေတ္တာကြောင့် မီတာခ ပိုကုန်ကျနေတာကို လျှော့ချနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။

 

Ref: NewsRepublic

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top