ကမ်းဘရစ်ချ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ၅၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အရေပြားဆဲလ်တွေကို ၂၃ နှစ်အရွယ်ရှိသူတွေရဲ့ ဆဲလ်တွေလို နုနယ်ပျိုမြစ်အောင် ဖန်တီးခဲ့ကြပါတယ်။ အခုအသုံးပြုခဲ့တဲ့ နည်းပညာဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က သိုးမလေး ဒေါ်လီကို ပုံတူဖန်တီးဖို့ အသုံးပြုခဲ့တဲ့ နည်းစနစ်တွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်နှစ်မှာ အီဒင်ဘာ့ဂ်မြို့အပြင်ဘက် ရို့စ်လင်းသိပ္ပံဌာနက သုတေသီတွေဟာ သိုးတစ်ကောင်ရဲ့ နို့ရည်ဂလန်းဆဲလ်ကို သန္ဓေသားလောင်းအဖြစ် ဖန်တီးခဲ့ကြပါတယ်။ အဲဒီနည်းပညာကနေ ဒေါ်လီဆိုတဲ့ သိုးမလေးကို မွေးဖွားနိုင်ခဲ့တာပါ။ သိပ္ပံပညာရှင်တွေက သိုး (ဒါမှမဟုတ်) လူသားတွေ ပုံတူပွားဖို့ ရည်ရွယ်ပြီး အဲဒီနည်းပညာကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ အဲဒီနည်းပညာကို အသုံးပြုပြီး လူသားရဲ့သန္ဓေသားပင်မဆဲလ် ဖန်တီးဖို့ ဖြစ်ပါတယ်။
ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးတဲ့အခါ အစားထိုးဖို့ ကြွက်သား၊ အရိုးနုနဲ့ အာရုံကြောဆဲလ်တွေလို့ တစ်သျှူးတွေ မွေးမြူနိုင်ဖို့ ရည်ရွယ်ထားတာပါ။ အသက်အရွယ် အိုမင်းမှုနဲ့ ဆက်နွှယ်နေတဲ့ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးရောဂါနဲ့ အာရုံကြောရောဂါတွေအတွက် ကုသနည်း ရှာဖွေနိုင်ဖို့ ရည်ရွယ်ပြီး အဲဒီလို လုပ်ဆောင်ခဲ့ကြတာပါ။
၂၀၀၆ ခုနှစ်မှာလည်း ကျိုတိုတက္ကသိုလ်ရဲ့ ပါမောက္ခ ရှင်ယာယာမာနာကာက သိုးမလေး ဒေါ်လီနည်းပညာကို ပိုမိုရိုးရှင်းအောင် လုပ်ဆောင်ခဲ့ပါတယ်။ IPS လို့ ခေါ်တဲ့ နည်းစနစ်သစ်ဟာ အရွယ်ရောက်ပြီးသား ဆဲလ်တွေထဲကို ဓာတုပစ္စည်းတွေ ရက် ၅၀ ကြာ ပေါင်းထည့်ပါတယ်။ အဲဒီလို ပေါင်းထည့်လိုက်လို့ အရွယ်ရောက်ပြီးသားဆဲလ်တွေဟာ ပင်မဆဲလ်တွေအဖြစ် မျိုးဗီဇပြောင်းလဲသွားတာပါ။ သိုးမလေး ဒေါ်လီနည်းပညာနဲ့ IPS နည်းပညာ ၂ ရပ်လုံးမှာ ဖန်တီးထားတဲ့ ပင်မဆဲလ်တွေကို လူနာအတွက် လိုအပ်တဲ့ ဆဲလ်တွေ၊ တစ်သျှူးတွေထဲမှာ ပြန်လည်မွေးမြူဖို့ လိုပါတယ်။ အဲဒီအတွက် ဒီနည်းပညာက ခက်ခဲပြီး ဆယ်စုနှစ်ချီ ကြိုးပမ်းခဲ့ပေမဲ့ ရောဂါကုသတဲ့အခါ ပင်မဆဲလ်တွေကို အသုံးပြုနိုင်ဖို့ အတားအဆီး၊ အကန့်အသတ်တွေ များပြားနေဆဲပါပဲ။
၅၃ နှစ်အရွယ် အမျိုးသမီးကြီးရဲ့ အရေပြားဆဲလ်တွေကို ၂၃ နှစ်အရွယ် ဆဲလ်တွေလို နုနယ်ပျိုမျစ်စေဖို့ IPS နည်းပညာကို အသုံးပြုခဲ့တာပါ။ ဒါပေမဲ့ ဓာတုဆေးရည်စိမ်တဲ့ အချိန်အတိုင်းအတာကိုတော့ ရက် ၅၀ ကနေ ၁၂ ရက်အထိ လျှော့ချခဲ့ပါတယ်။ အဲဒီလို လျှော့ချလိုက်တဲ့အခါ ဓာတုဆေးရည်စိမ်ထားတဲ့ ဆဲလ်တွေက မျိုးသန္ဓေပင်မဆဲလ်တွေအဖြစ် အသွင်ပြောင်းမသွားပေမဲ့ နုနယ်ပျိုမျစ်တဲ့ ဆဲလ်တွေလို ဖြစ်လာတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့တာပါ။
IPS နည်းပညာဟာ ကင်ဆာဖြစ်နိုင်ခြေ မြင့်မားစေလို့ အဲဒီနည်းပညာကို ဆေးရုံသုံးနည်းပညာအဆင့်အထိ ချက်ချင်းပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆဲလ်တွေကို နုနယ်ပျိုမျစ်အောင် လုပ်နိုင်မယ့်နည်းလမ်းဆိုတာ သိသွားပြီဖြစ်လို့ ပိုစိတ်ချယုံကြည်ရတဲ့ အခြားနည်းလမ်းတစ်မျိုးကို ရှာဖွေသွားမယ်လို့ သုတေသနကို ဦးဆောင်တဲ့ ပါမောက္ခ ဝုဖ်ရိခ်က ပြောပါတယ်။
ဒီနည်းပညာက ဆဲလ်တွေကို နုနယ်ပျိုမျစ်စေသလို ခန္ဓာကိုယ်ရဲ့ အခြားတစ်သျှူးတွေကိုလည်း နုနယ်ပျိုမျစ်စေလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်နေကြပါတယ်။ ဒီနည်းပညာဟာ အသက်အရွယ် အိုမင်းလာသူတွေကို အချိန်ကြာရှည် ကျန်းမာအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပါမောက္ခ ဝုဖ်ရိခ်က ဆိုပါတယ်။
နုနယ်ပျိုမျစ်အောင် ပြောင်းလဲထားတဲ့ ဆဲလ်တွေဟာ အနာတရဖြစ်တဲ့အခါ အကျက်မြန်စေနိုင်တယ်ဆိုတာကိုလည်း သိပ္ပံပညာရှင်တွေက သက်သေပြခဲ့ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း ထိခိုက်ဒဏ်ရာရတဲ့ သက်ကြီးရွယ်အိုတွေရဲ့ အရေပြားကို နုနယ်ပျိုမျစ်စေမယ့် ဆေးဝါးတွေ ဖန်တီးနိုင်ဖို့လည်း ရှိတယ်လို့ ပါမောက္ခဝုဖ်ရိခ်က ပြောပါတယ်။ သူတို့ရဲ့နောက်ထပ်ခြေလှမ်းကတော့ ကြွက်သား၊ အသည်း၊ သွေးဆဲလ် စတဲ့ အရာတွေအတွက် IPS နည်းပညာသစ် အလုပ် ဖြစ်၊ မဖြစ်ကို လေ့လာဖို့ပါပဲ။
Ref: BBC “Rejuvenation of woman’s skin could tackle diseases of aging”
Nz (ရိုးရာလေး)