Brandon Vera နှင့်ပွဲအပေါ် အောင်လအန်ဆန်၏ ခံစားချက်နှင့် သုံးသပ်ချက်များ

Aung-La-N-Sang-DC-4275.jpg

ပရိသတ်များ မျှော်လင့်စောင့်စား နေကြသည့် ONE Championship ၏ အကြီးကျယ်ဆုံး ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲကြီးကို လာမည့် အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ONE: Century တွင် ထည့်သွင်းကျင်းပတော့မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကြီး ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ “မြန်မာစပါးအုံး” အောင်လအန်ဆန်နှင့် ဟဲဗီးဝိတ်တန်း ချန်ပီယံ Brandon “The Truth” Vera တို့ လိုက်ဟဲဗီးဝိတ်တန်း သူတင်ကိုယ်တင် အပြိုင်ကျဲကာ အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ် အတွက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲနှင့် ပတ်သက်၍ အောင်လအန်ဆန်က ၎င်း၏ ခံစားချက်နှင့် မျှော်မှန်းချက်များကို ONE Championship ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော့်ရဲ့ ခံစားချက်တွေကို ထုတ်ပြောစရာ စကားလုံး မရှိလောက်အောင် အရမ်း စိတ်လှုပ်ရှား နေပါတယ်။ ဒီလို ပြိုင်ပွဲကြီးမျိုးမှာ ကျွန်တော့်ရဲ့ စွမ်းရည်နဲ့ ကြိုးစားအားထုတ်မှုတွေကို ပြသခွင့် ရတာဟာ အရမ်းကံကောင်းတယ်လို့ ကျွန်တော် ခံစားရပါတယ်။ ဒါကြောင့် အရမ်းလည်း စိတ်လှုပ်ရှား နေတယ်။ အမှန်ပြောရရင် ဒီပြိုင်ပွဲကို စီစဉ်ထားတာ တစ်နှစ်လောက်ရှိပါပြီ သူက ကျွန်တော်ကို သူရဲ့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်မှာ ဖုန်းဆက်ပြီး ကမ်းလှမ်းခဲ့တာပါ” ဟု အောင်လ အန်ဆန်က ဖွင့်ဟခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အောင်လအန်ဆန်သည် လစ်လပ်နေသော လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ ခါးပတ်အတွက် Alexandre Machado နှင့် ယှဉ်ပြိုင်ကာ ချန်ပီယံခါးပတ်ကို အရယူခဲ့သည်။ World MMA Awards 2019 ဆုပေးပွဲတွင်လည်း အောင်လအန်ဆန်သည် တစ်နှစ်တာ အကောင်းဆုံး အပြည်ပြည်ဆိုင်ရာ ကိုယ်ခံပညာ ကစားသမားဆုကို နာမည်ကြီး UFC ချန်ပီယံများအား ကျော်ဖြတ်ပြီး ဆွတ်ခူး နိုင်ခဲ့သည်။ ထို့ပြင် ၎င်းသည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်ကို စိန်ခေါ်လာသည့် ပြိုင်ဘက် သုံးဦးစလုံးကိုလည်း ဒိုင်ပွဲရပ် အလဲထိုးပြီး ချန်ပီယံခါးပတ်ကို ကာကွယ်သည်။ အလားတူ ၎င်းကို စိန်ခေါ်လာသည့် Vera သည်လည်း ဟဲဗီးဝိတ်တန်းတွင် စိန်ခေါ်သူတိုင်းကို အလဲထိုး အနိုင်ယူထားသည်။

“သူ (Vera) က လိုက်ဟဲဗီးဝိတ်တန်းမှာဆို သူ့ ကိုယ်အလေးချိန်က များနေမှာ။ လိုက်ဟဲဗီးဝိတ်ကို ပြိုင်ဖို့ဆိုရင် သူဝိတ်ချ ရမယ်လေ။ ဟဲဗီးဝိတ်မှာ ပြိုင်ရမယ် ဆိုမှသာ သူသက်သောင့်သက်သာ ရှိမှာ။ ကျွန်တော့် အတွက်လည်း အတူတူပဲ။ ကျွန်တော် မစ်ဒယ်ဝိတ်မှာ ပြိုင်ရမယ် ဆိုရင် ဝိတ်နည်းနည်း ချရမယ်။ လိုက်ဟဲဗီးဝိတ်တန်း ဆိုရင်တော့ ဘာမှ လုပ်စရာမလိုဘူး။ ကျွန်တော် စိုးရိမ်ရမှာက ပိုပြီး သန်မာလာဖို့နဲ့ Vera လို လူကောင်ကြီးတဲ့ ကစားသမားကို အနီးကပ် လှုပ်ရှားနိုင်ဖို့ပဲ ဖြစ်ပါတယ်”ဟု အောင်လအန်ဆန်က သုံးသပ်သည်။

သို့သော် အောင်လအန်ဆန်သည် အဆိုပါ ပွဲအတွက် အမေရိကန်ရှိ ၎င်း၏ လေ့ကျင့်ရေးရုံ ဖြစ်သော Hard Knocks 365 တွင် လူကောင်ကြီးသည့် ကစားသမားများနှင့် လေ့ကျင့်ခဲ့ပြီး Vera ထက် အရပ်ပိုရှည်၊ ပိုကြီးသည့် ကစားသမားများကို တွဲဖက်လေ့ကျင့် ခဲ့ရသည်ဟု ပြောပြခဲ့သည်။ ကြိုးဝိုင်းအတွင်း အမှန်တကယ် ယှဉ်ပြိုင်သည့် အခါတွင် အရွယ်အစားနှင့် ခွန်အားက အရမ်း အရေးကြီးသည့် ကိစ္စတော့ မဟုတ်ဟုလည်း အောင်လအန်ဆန်က ဆိုသည်။


“ကျွန်တော် ပြီးခဲ့တဲ့နှစ် အတွင်း ကစားခဲ့တဲ့ ပွဲအရေအတွက်က နောက်ဆုံးလေးနှစ် အတွင်း သူကစားခဲ့တဲ့ ပွဲအရေအတွက်ထက် ပိုများတယ်။ သူဟာ ကြိုးဝိုင်းထဲဝင်ဖို့ စွမ်းရည်တွေ နည်းပါးသွားပြီ လို့တော့ ကျွန်တော် မထင်ဘူး။ ဒါပေမယ့် ပွဲကစားဖို့ စိတ်အား ထက်သန်မှုချင်း ကွာခြားတာကတော့ လက်စွမ်းအပေါ် သက်ရောက်မှု ရှိနိုင်တယ်။ ဒါကို သူဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စောင့်ကြည့် ရမယ်။ ကျွန်တော့်အမြင် ပြောရရင် ဒါကို သူကောင်းကောင်း ကိုင်တွယ်နိုင်ပါ လိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်လောက်တော့ သက်သောင့် သက်သာ ဘယ်ဖြစ်နေမလဲ။ ကျွန်တော်က ဂျပန် ပရိသတ်နဲ့လည်း ရင်းနှီးနေပြီ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာလည်း ကမ္ဘာ့ချန်ပီယံ လုပွဲ ၆ ပွဲတောင် ကစားခဲ့တာ။ ဒါက ပွဲအတွက် တကယ့် အရေးပါတဲ့ အချက်တွေပါ”ဟု အောင်လအန်ဆန်က သုံးသပ် ခဲ့သည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ONE Championship တစ်ပွဲသာ ကစားရသေးပြီး Vera နှင့်ပွဲ မတိုင်မီတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲ တစ်ပွဲ ကစားလိုသေးကြောင်း ကြေညာထား သော်လည်း မဖြစ်မြောက် ခဲ့ပေ။ သို့သော် အောင်လ အန်ဆန်သည် နောက်ဆုံး ၄ နှစ်အတွင်း ONE Championship ပွဲပေါင်း ၁ဝ ပွဲအထိ ကစားခွင့် ရခဲ့ပြီး Vera မှာမူ နောက်ဆုံး ၅ နှစ် အတွင်း ၄ ပွဲသာ ကစားခွင့် ရခဲ့သည်ကို တွေ့ရသည်။ အောင်လအန်ဆန်က ကြိုးဝိုင်းထဲတွင် ၎င်း၏ ချန်ပီယံ ခါးပတ်များကို စိန်ခေါ်လာသူ များအား ဆက်တိုက် အနိုင်ယူထားသည့် အတွက် တစ်သမတ်တည်း လက်စွမ်းကို ထိန်းသိမ်း ထားသည်ဟု ဆိုနိုင်သည်။

“ကျွန်တော့်ရဲ့ အကြီးဆုံး အားသာချက်က ကျွန်တော့် စိတ်ဓာတ်ပဲ ဖြစ်မှာပါ။ ကျွန်တော်က ကြိုးစားတဲ့ သူတစ်ယောက် ဖြစ်ပြီး ပွဲတိုင်းကို စိတ်ဓာတ် အပြည့်နဲ့ ကစားတယ်။ ကျွန်တော့်မှာ ကြောက်စိတ် မရှိဘူး။ သူ (Vera) က ဒီပွဲကို အနိုင်ရဖို့အတွက် သူလုပ်နိုင်သမျှ အားလုံးကို လုပ်မှာပဲ။ ဒါပေမယ့် ကျွန်တော်ကလည်း သူ့ကို ဆက်တိုက် ဖိအားပေးမှာပဲ။ ဒါက ပွဲရဲ့ အဓိက သော့ချက် ဖြစ်လာနိုင်တယ်။ သူ့ရဲ့ ကစားကွက်တွေက ဘယ်လောက်ပြင်းထန်တယ် ဆိုတာ လူတိုင်းသိပါတယ်။ သူခွန်အား ဘယ်လောက် ကြီးတယ်ဆိုတာ လူတိုင်းအသိ ဖြစ်ပေမယ့် ကျွန်တော် သူ့ကို မှောက်သွားအောင် အပြတ်ဆော်မှာပါ”ဟု အောင်လအန်ဆန်က ကြုံးဝါးခဲ့သည်။

၎င်းတို့ ပါဝင်ယှဉ်ပြိုင် ရမည့် ONE: Century ပြိုင်ပွဲကြီးသည် ONE Championship သမိုင်းတစ်လျှောက် အကြီးကျယ် အခမ်းနားဆုံး ပြိုင်ပွဲ ဖြစ်လာမည် ဖြစ်ပြီး အောင်လအန်ဆန်တို့ ပွဲအပြင် အခြား ကမ္ဘာ့ချန်ပီယံ စိန်ခေါ်ပွဲ ၃ ပွဲလည်း ပါဝင်သည်။ ထို့ပြင် Grand Prix တံခွန်စိုက် ရှုံးထွက်ပြိုင်ပွဲကြီး ၃ ခု၏ ဗိုလ်လုပွဲများကိုပါ ကျင်းပသွားမည် ဖြစ်သလို Shooto ကမ္ဘာ့ချန်ပီယံ များနှင့် Pancrase ကမ္ဘာ့ ချန်ပီယံများ ထိပ်တိုက်တွေ့သည့် ပွဲများလည်း ပါဝင်သည်။ ပြိုင်ပွဲကို Part I နှင့် Part II နှစ်ပိုင်းခွဲ ကျင်းပမည် ဖြစ်ရာ အောင်လအန်ဆန်နှင့် Vera ပွဲသည် Part II ၏ အဓိကပွဲ ဖြစ်သည်။

“ကျွန်တော့်ရဲ့ နောက်ဆုံးပွဲဟာ ကျွန်တော့်အတွက် အကြီးဆုံး နိုင်ပွဲလိုပါပဲ။ အဲဒီပွဲ နိုင်သွားလို့လည်း ကျွန်တော် Vera နဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်လာတာလေ။ ပွဲတိုင်းကတော့ ကျွန်တော့်အတွက် အကြီးဆုံးပွဲ ပါပဲ။ ပွဲတစ်ပွဲ ကစားတိုင်းမှာ ကျွန်တော့်အတွက် တံခါးတစ်ချပ် ပွင့်ပါတယ်။ အခုအချိန်မှာ ပြောရရင်တော့ Vera နဲ့ပွဲက ကျွန်တော် အတွက် အကြီးဆုံးပွဲပါ။ ONE Championship ရဲ့ ပွဲ ၁ဝဝ မြောက်မှာ ပါဝင်ကစားခွင့် ရတာကလည်း ကျွန်တော့် ကစားသမား ဘဝအတွက် အကြီးဆုံး အခွင့်အရေးနဲ့ အကြီးဆုံးပွဲ ပါပဲ”ဟု အောင်လ အန်ဆန်က ပြောကြားသွား ခဲ့သည်။

အောင်လအန်ဆန်နှင့် Brandon Vera နှိုင်းယှဉ်ချက်


ONE: CENTURY သည် သမိုင်းတစ်လျှောက်အထူးခြားဆုံး ကိုယ်ခံပညာအားကစား ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးဖြစ်ပြီး ကိုယ်ခံပညာအားက စားအသီးသီးမှ ကမ္ဘာ့ချန်ပီယံပေါင်း ၂၈ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမှ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ နှစ်ပွဲကို တစ်ရက် တည်းကျင်းပသည်ဟူ၍ မရှိဖူးသေးပါ။

ONE Championship သည် ကမ္ဘာ့ချန်ပီယံဘွဲ့ပြိုင်ပွဲပေါင်းစုံကို တစ်ရက်တည်း၌ ကျင်းပယှဉ်ပြိုင်စေခြင်းဖြင့် နယ်ပယ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့ပြီ ဖြစ်သည်။ လာမည့်အောက်တိုဘာ ၁၃ရက်၌ ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ နာမည်ကျော် Ryogoku Kokugikan အားကစားရုံ တွင် ကမ္ဘာ့ဂရင်းပရီချန်ပီယံရှစ်ဗိုလ်လုပွဲသုံးပွဲ၊ ကမ္ဘာ့ချန်ပီယံချင်းယှဉ်ပြိုင်မည့်ပွဲများစွာပါဝင် ကျင်းပသွားမည်ဖြစ်သည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top