ပိန္နဲသီးစိမ်း ကပေးတဲ့ ကျန်းမာရေး

8-4-2020-yyl-048.jpg

ပိန္နဲသီးဆို မှည့်မှည့်ချိုချိုလေးမှာ စားလို့ရတာ မဟုတ်ပါဘူး။ ခပ်နုနုအရွယ် အစိမ်းမှာတင် အကွင်းလိုက်လှီး အစေးထွက်အောင် ရေစိမ်လို့ အတို့အမြှုပ်အနေနဲ့ ပြုတ်စားလို့ရသလို အတုံးလေးတွေ တုံးပြီး ချက်စားရင်လည်း တော်တော်လေး စားကောင်းပါတယ်။ ဒီတစ်ခေါက်တော့ အရသာရှိရှိ ချက်စားတတ်တဲ့ ပိန္နဲသီး ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး အကြောင်းပြောပြပေးပါရစေ။

ပိန္နဲသီးကပေးတဲ့ ကျန်းမာရေး

ပိန္နဲသီး အစိမ်းကို ချက်စားတာ၊ ပြုတ်တို့တာတွေလိုမျိုး စားသုံးတာက ကျန်းမာရေးကို အခုလို အထောက်အကူပြုပေးပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

ပိန္နဲသီးမှာ အဆီပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက ကျန်းမာရေးနဲ့ညီညွတ်တဲ့ လက္ခဏာရပ်တစ်ခုပါ။ အမျှင်ဓာတ် ကြွယ်ဝမှုက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကျန်းမာစေဖို့ အထောက်အကူပြုနိုင်မှာပါ။ သွေးတွင်းကိုလက်စထရော များသူတွေအတွက် အထူးသင့်တော်ပါတယ်။ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးတိုးကျစေနိုင်ပြီး သွေးပေါင် ထိန်းညှိပေးနိုင်တာကြောင့် ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပိန္နဲသီးစိမ်းမှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါဝင်နေတာကြောင့် နှလုံးရောဂါ ခံစားရနိုင်ခြေကို ကျဆင်းစေသလို ဗီတာမင် C ပါဝင်မှုကလည်း ကျန်းမာစေဖို့ အားဖြည့်ပေးပါတယ်။ သွေးကြောကျဉ်းတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ဗီတာမင် C ပါဝင်မှုက ကိုယ်ခံအားကောင်းစေသလို ဆဲလ်တွေကို ပြုပြင်ပေးပါတယ်။ သံဓာတ် အပါအဝင် ခန္ဓာကိုယ်က မရှိမဖြစ် လိုအပ် အာဟာရဓာတ်တွေကို စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါတယ်။ မကြာခဏ ဖျားနာတတ်သူတွေ၊ ဆေးလိပ်သောက်သုံးသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း အပြင်းအထန်လုပ်သူတွေ၊ ရာသီဥတု အရမ်းအေးတဲ့နေရာမှာ နေထိုင်ရသူတွေအတွက် အထူးသင့်တော်ပါတယ်။ အနာကျက်စေနိုင်ပြီး ကော်လာဂျင် ထွက်ရှိလာအောင် လှုံ့ဆော်ပေးပါတယ်။ ကိုယ်ခံအားစနစ်ဆဲလ်တွေကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။

အိပ်ရေးဝ စေတယ်

မဂ္ဂနီဆီယမ် ပါဝင်မှုက ညဘက်အိပ်မပျော်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေဖို့ဆိုရင် ပိန္နဲသီး အစိမ်းစားပေးလို့ရပါတယ်။ အသက်အရွယ်ရလာတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် လျော့နည်းလာတာကြောင့် ညဘက်အိပ်မပျော်တာကို ခံစားရနိုင်ပါတယ်။ ကျန်းမာတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့တာကို မဂ္ဂနီဆီယမ် ပမာဏ ၃၀၀ မီလီဂရမ် ကနေ ၃၅၀ မီလီဂရမ် လိုအပ်ပါတယ်။ ဒါကြောင့် ညတိုင်းမှာ ကောင်းကောင်း အိပ်ပျော်စေဖို့ဆိုရင် ပိန္နဲသီးအစိမ်းကို ချက်စားပေးလို့ရပါတယ်။

အရိုးတွေ သန်မာစေတယ်

မဂ္ဂနိ့က အရိုးတွေ သန်မာစေဖို့ မဖြစ်မနေလိုအပ် ဓာတ်တစ်ခုပါ။ သွေးဆုံးပြီးချိန်မှာ အမျိုးသမီးတွေ အရိုးမပွစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ အသက်ရလာလေ အရိုးသိပ်သည်းဆတွေက နည်းလာလေပါ။ ဒီလိုမဖြစ်စေဖို့ဆိုရင် အရိုးသိပ်သည်းဆကို အကောင်းဆုံး အားဖြည့်နိုင်ဖို့အတွက် မဂ္ဂနိ့ကို လိုအပ်မှာပါ။အသက်အရွယ်ကြောင့် အရိုးပါးတာ၊ အရိုးပွတာမျိုးတွေ မဖြစ်စေဖို့ဆိုရင် တစ်နေ့ကို မဂ္ဂနိ့ ၁.၈ မီလီဂရမ်ကနေ ၂.၃ မီလီဂရမ် လိုအပ်ပါမယ်။

အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းစေတယ်

ပိန္နဲသီးကို ချက်စားတဲ့အခါ အသားအစားထိုး စားသုံး​တာမျိုး ရှိပါတယ်။ ဒီလိုလုပ်တာက ကယ်လ်လိုရီ စားသုံးမိမှုကို လျော့ကျစေနိုင်ပါတယ်။ ပြည့်ဝဆီကို လျှော့ချပြီးသားလည်း ဖြစ်မှာပါ။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်မှုကိုလည်း ကျန်းမာရေးကို အကောင်းဆုံး အထောက်အကူ ပြုပေးနိုင်မှာပါ။

အမျှင်ဓာတ်များစွာ စားသုံးတာနဲ့ အဆီလျှော့စားတာက အင်ဆူလင် ထုတ်လုပ်မှုကို ကောင်းစေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဆီးချိုရှိနေသူတွေ အနေနဲ့လည်း ဆေးဖြစ်ဝါးဖြစ် စားပေးလို့ရပါတယ်။

အူမကြီး ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးတယ်

အမဆင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေမယ်ဆိုတာ ပြောနေစရာ မလိုအောင်ပါ။ ဝမ်းမှန်စေနိုင်ပြီး အူလမ်းကြောင်း တလျှောက် အဆိပ်အတောက်တွေ အညစ်အကြေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တာကြောင့် အူမကြီး ကျန်းမာစေမှာပါ။

Ref : hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top