အိမ်နီးနားချင်းရဲ့ကျေးဇူးကြောင့် မိသားစုတစ်စု အသက်ဘေးမှ လွှတ်မြောက်ခဲ့ရ

5-1-2021-yyl-22.jpg

အရီဇိုးနားပြည်နယ်၊ Avondale မြို့က အမျိုးသမီးတစ်ဦးကတော့ မီးလောင်နေတဲ့ ဘေးအိမ်က မိသားစုတစ်စုကို ကယ်တင်ခဲ့ပြီးတဲ့နောက်မှာ ဟီးရိုးတစ်ယောက်အဖြစ် သတ်မှတ်ခံနေရပါတယ်။ အိမ်နီးနားချင်းအမျိုးသမီးက မီးလောင်နေစဉ် အဲဒီမိသားစု အိပ်ပျော်နေရမှ နိုးလာဖို့အတွက် တံခါးကို အသားကုန်ထုပြီး ကယ်တင်ခဲ့တာပါ။ အဲဒီဖြစ်ရပ်ကို အိမ်တံခါးမှာတပ်ထားတဲ့ကင်မရာက ရိုက်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီမိသားစုကို ကယ်တင်ခဲ့သူကတော့ ကာရိုလင် ပါလစ်ချ် (Carolyn Palisch) ဆိုသူအိမ်နီးနားချင်းအမျိုးသမီးပါပဲ။ ကာရိုလင်က နှစ်သစ်ကူးမနက်ခင်းမှာ အိမ်နီးချင်းရဲ့နေအိမ်ကနေ မီးခိုးငွေ့တွေထွက်လာတာကို မြင်တွေ့ခဲ့ရတာပါ။ ကာရိုလင်က အဲဒီအိမ်ထဲမှာ ရှိနေတဲ့ကလေးတွေကို စဉ်းစားမိလိုက်ပါတယ်။ အိမ်ထဲမှာ နီကိုးလ် ဆယ်လ်ဂါဒို (Nicole Salgado)၊ သူ့ရဲ့ခင်ပွန်း ဒေးဗစ်နဲ့ ကလေး (၄) ဦးရှိနေပြီး အကုန်လုံးအိပ်မောကျနေကြတာပါ။

အဲဒါနဲ့ ကာရိုလင်က မိသားစု (၆) ဦးစလုံး အိပ်ပျော်နေတာကနေ နိုးလာပြီး အန္တရာယ်ကင်းကင်းနဲ့ ထွက်လာနိုင်ဖို့အတွက် သူတို့ရဲ့အိမ်တံခါးကို ထုနေခဲ့ပါတယ်။ ကာရိုလင်က သူတို့မိသားစုကို အိမ်အပြင်ထွက်လာဖို့အတွက် အချိန်မီကယ်တင်ခဲ့လို့ပါပဲ။ အဲဒီလိုမှမဟုတ်ရင် (၅) မိနစ်အကြာမှာ အိမ်ခေါင်းမိုးက သူတို့အပေါ် ပြုတ်ကျလာတော့မှာဖြစ်တယ်လို့ မီးသတ်သမားတွေက ဆိုပါတယ်။ နီကိုးလ်က သူတို့မိသားစုကို ကူညီဖို့အတွက် ကာရိုလင် ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်လို့မဆုံးဖြစ်နေပါတယ်။

ကာရိုလင်က သူနာပြုအနေနဲ့ နှစ် (၄၀) အလုပ်လုပ်ခဲ့တာပါ။ သူဟာ လူတိုင်းအတွက် ကောင်းတာအရာတွေကို အမြဲတမ်းလုပ်ပေးနိုင်ဖို့နဲ့ ကလေးတွေအပါအဝင် သူတို့မိသားစုအသက်ရှင်တာကို မြင်ချင်ခဲ့တာပါ။ ကျန်တာ ဘာမှမတောင်းဆိုဘူးလို့ ဆိုပါတယ်။ နီကိုးလ်နဲ့ ဒေးဗစ်တို့ကလည်း ကျန်းမာရေးဝန်ထမ်းတွေပါပဲ။ “ကာရိုလင်က မိသားစုပါပဲ။ သူက ကျွန်မတို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်း အမြဲထာဝရဖြစ်သွားတော့မှာပါ။ သူက ကျွန်မတို့ရဲ့ဘဝကို ကယ်တင်ခဲ့တယ်” လို့ နီကိုးလ်က ပြောပါတယ်။

အိမ်နဲ့ကားတွေကတော့ လုံးဝပျက်စီးသွားခဲ့ပြီး အိမ်က နေလို့တောင်မရတော့ပါဘူး။ “ကျွန်မတို့ အရာအားလုံးဆုံးရှုံးသွားခဲ့တယ်။ ကားတစ်စီးလည်း ပျက်စီးသွားပြီး ကျွန်မတို့က ဆေးပညာနယ်ပယ်မှာ အလုပ်လုပ်ကြတာပါ။ ကျွန်မတို့ ကလေး ၄ ယောက်ရှိတယ်။ အိမ်ကို ပြန်ဆောက်တော့မှာပါ။ အသက်ရှင်ရတာကိုပဲ ကျေးဇူးတင်ရပါတယ်” လို့ နီကိုးလ်က ပြောပါတယ်။ မီးလောင်ရခြင်းအကြောင်းအရင်းကိုတော့ သေချာမသိရသေးပါဘူး။

နီကိုးလ်တို့မိသားစုကို ကူညီပေးဖို့အတွက်လည်း ရန်ပုံငွေရှာပေးနေကြပါတယ်။ ဒေါ်လာ ၂၆,၀၀၀ ကျော် ရန်ပုံငွေရရှိနေပါပြီ။ နီကိုးလ်တို့မိသားစုက သူတို့ကို ပံ့ပိုးပေးတဲ့သူတိုင်းကို ကျေးဇူးတင်နေပါတယ်။

Ref: CBS17 “Ring camera video captures neighbor saving family from house fire”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top